top of page

နောင်ဟီးစစ်ဘေးရှောင်များ စခန်းတွင်း မိုးရေဝင်လာခြင်းကြောင့် နေရာထိုင်ခင်း ခက်ခဲ

  • Writer: Pajau Media
    Pajau Media
  • Jun 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။






နောင်ချိန်းကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် နောင်ဟီးစစ်ရှောင်စခန်းတွင် ယမန်နေ့မှစပြီး မိုးရေဝင်လာခြင်းကြောင့် စစ်ဘေးရှောင်များ နေရာအထိုင်အခင်း ခက်ခဲနေကြသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။


စစ်ရှောင်များမှာ အင်ဂန်းကျေးရွာ၏ ဘောလုံးကွင်းနေရာတွင် ပေတစ်ရာရှိသည့် မိုးကာတဲများ ဆောက်လုပ်ကာ စုပေါင်းနေထိုင်ကြပြီး၊ ယမန်နေ့မှာတော့ မိုးရေဝင်ရောက်လာကာ စစ်ရှောင်စခန်းတစ်ခွင် ရေနှစ်မြုပ်လာခြင်းကြောင့် ဒုက္ခရောက်နေကြသည်ဟု ဆိုသည်။


ပြီးခဲ့သည့် မေလ၂၁ရက် နေ့ကတည်းက ဘောလုံးကွင်းနေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မိုးကာတဲများ ဆောက်လုပ်ကာ ပြောင်းရွှေ့နေထိုင်လာကြရာ၊ မိုးရေရွာသွန်းချိန်မှာတော့ မြေအောက်တွင် ရေလျှံလာသည့်အပြင် မိုးကာအမိုးအကာများလည်း မိုးရေကြောင့် ပျက်စီးလာသည်ဟု ဆိုသည်။


နောင်ဟီးစစ်ရှောင်စခန်းတွင် ယခင်အပတ်မှ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသူများပြားခဲ့ပြီး၊ သောက်သုံးရေအခက်အခဲလည်း ရှိခဲ့သည်။ ထို့ကြောင့် စစ်ရှောင်စခန်းနှင့် နီးသည့်နေရာတွင် ရေတွင်းတစ်တွင်း ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းလည်း ထပ်မံသိရသည်။


“ကျမတို့ရွာမှာက ကောင်းတဲ့ရေတွင်းက တစ်ရွာလုံးမှ ၃ခု လောက်ပဲရှိတာ။ နွေရာသီချိန်ဆို ရေခမ်းတော့ ရေတွင်းမှာလည်း ရေသိပ်မရှိဘူးလေ။ စစ်ရှောင်တွေ ပြန်ရောက်လာတော့ လူဦးရေက ပိုများလာတော့ ရေကအရန်းခက်ခဲခဲ့တာ ဟုတ်တယ်။ အခုမိုးရာသီရောက်တော့ ရေပြန်ရှိလာတာ။ နွေရာသီထက်တော့ နဲနဲအဆင်ပြေသွားတယ်။ အားလုံးက မိုးရေကိုပဲ အသုံးပြုရတာပေါ့။ ဒါပေမယ့်အခု စစ်ရှောင်စခန်းနဲ့ နီးတဲ့တစ်နေရာရာမှာ စစ်ရှောင်တွေအတွက် ရေတွင်းတစ်ခု ပြန်လုပ်ဖို့တော့ စီစဉ်နေကြပါတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


လက်ရှိမှာတော့ သောက်ရေကို ကချင်နှစ်ခြင်းအသင်းတော်မှ ကူညီထောက်ပံ့သည့် ရေသန့်များကို အသုံးပြုနေကြပြီး၊ သုံးရေကိုတော့ စခန်းနှင့်နီးသည့် ရေတွင်းမှ အသုံးပြုနေကြကြောင်း သိရသည်။


အင်ဂန်းကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် နောင်ဟီးစစ်ရှောင်များမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်မှ လူဦးရေတစ်ထောင်နီးပါး မှီတင်းနေထိုင်ကြပြီး။ ပြီးခဲ့သည့် မတ်လဆန်းကတည်းက ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များ ဖြစ်ကြကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page