နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ရှောင်များ ပိုမိုကြပ်တည်း ခက်ခဲလာ
- Pajau Media

- Oct 10
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ဝိုင်းမော်ဒေသ ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်ကာ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အနီးဝန်းကျင်ရှိ စစ်ရှောင်ပြည်သူများမှာ စစ်ရှောင်ကာလ ကြာရှည်လာသလို ဆန်နှင့် အခြားလိုအပ်သည့် အစားအသောက် အကူအညီများလည်း လျော့နည်းလာသဖြင့် ပိုမိုခက်ခဲ ကြပ်တည်းလာကြောင်း စစ်ရှောင်များမှ သိရသည်။
စစ်ရှောင်များမှာ ကမ္ဘာ့စားနပ်ရိက္ခာကူညီရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် World Food Program(WFP)က ပုံမှန်ကူညီပေးနေသည့် ငွေကြေးအထောက်အပံ့များကို လျှော့ချလိုက်သလို၊ အဆိုးဆုံးမှာ အိမ်ခြေလျှော့ချလိုက်ခြင်းဖြစ်ပြီး၊ လုံးဝမရတော့သည့် အိမ်ခြေများပြားလာသောကြောင့် ခက်ခဲကြပ်တည်းရသည်ဟု ဆိုသည်။
ကူညီထောက်ပံ့မှု လျော့နည်းလာသည့်အလျောက် အချို့မိသားစုများမှာ အစားအသောက် မလောက်ငှခြင်းအပြင် ငွေရှာခက်ခဲလာခြင်းနှင့် အလုပ်လက်မဲ့များပြားလာခြင်းတို့လည်း အများဆုံးရင်ဆိုင်နေရသည်ဟု စစ်ရှောင်များက ပြောသည်။
ယခင်နှစ်များတွင် WFP နှင့် KBC ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများမှ တာဝန်ယူကူညီထောက်ပံ့နေသော်လည်း လက်ရှိမှာ သယ်ယူရေးလမ်းခရီးများတွင် စစ်တပ်မှ ပြင်းပြင်းထန်ထန် တားဆီးစစ်ဆေး ဖမ်းဆီးယူဆောင်သွားခြင်းမျိုး လုပ်ဆောင်နေသောကြောင့် စစ်ရှောင်များအတွက် ကူညီထောက်ပံ့ရေးအတွက် ခက်ခဲလာကာ လျော့နည်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မတ်လကတည်းက တစ်ဖန်ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူများမှာ လျော့နည်းလာခြင်းမရှိဘဲ နေ့စဉ်တိုးပွားနေသော်လည်း စစ်ရှောင်များအတွက် ကူညီထောက်ပံ့ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးမှာ ပိုမိုကြပ်တည်း ခက်ခဲလာကြောင်း သိရသည်။
လက်ရှိမှာတော့ ဖားကန့်မြို့နယ်အတွင်းရှိ ဒေသခံများက နှစ်ဖက်စစ်ရေးတင်းမာမှုနှင့်အတူ စစ်တပ်က နေ့စဉ်ပစ်ခတ်နေသည့် လေကြောင်းရန်များကြောင့် မြစ်ကြီးနားအပြင် မိုးညှင်း၊ မိုးကောင်း စသည့်ဒေသများသို့ ဆက်လက်ရှောင်တိမ်းနေကြဆဲဖြစ်သည်။
သတင်း - ထုဆိုင်း



Comments