top of page

နေအိမ်ဆောက်လုပ်နေသည့် စစ်ရှောင်စခန်းအတွင်း အကူအညီများ လိုအပ်နေဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇၊ ၈၊၂၀၂၄။



ree

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားလာသည့် စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းနားစစ်ရှောင်စခန်းမှ နောင်ချိန်းစစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာသည့် စစ်ရှောင်များ နေထိုင်ရန် နေအိမ်ဆောက်လုပ်နေပေမယ့်၊ အမိုးအကာပစ္စည်းများ အပြည့်အစုံမရှိသောကြောင့် ပြီးစီးအောင်ဆောက်လုပ်ရန် ခက်ခဲနေကြောင်း ဒေသခံများ ပြောသည်။


“စစ်ရှောင်စခန်း အပြင်ဘက်မှာ နေထိုင်တဲ့ အိမ်ခြေ(၃၀)နီးပါးလောက်ရှိတယ်။ သူတို့တွေကို စခန်းအတွင်း စုစည်းနိုင်ဖို့ နေအိမ်ဆောက်နေတာဟုတ်တယ်။ နေအိမ်ကို သွပ်အဖြူနဲ့မိုးဖို့ လုပ်ထားတယ်။ ဒါပေမယ့် ကူညီတဲ့သူတွေ မရှိတော့ မိုးကာနဲ့ ပြန်မိုးဖို့ လုပ်ရမယ်။ ဒါတောင် မိုးကာမလောက်ဘူးဖြစ်နေတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


ယင်းမိုင်းနားစစ်ရှောင်စခန်းမှ အိမ်ခြေ(၃၀)ဝန်းကျင်မှာ နောင်ချိန်းမှ နီးစပ်သည့် ဆွေမျိုးအိမ်များတွင် နေထိုင်နေကြပြီး၊ နောင်ချိန်းစစ်ရှောင်စခန်းအတွင်း စုစည်းနေထိုင်ရန် နေအိမ်ဆောက်လုပ်နေကြခြင်း ဖြစ်ပြီး၊ ဝိုင်းမော်မြို့တွင်း စစ်ရေးလှုပ်ရှားလာသောကြောင့် ပြီးခဲ့သည့် မေလကတည်းက ထွက်ပြေးတိမ်းရှောင်လာကြသည်။


လိုင်ဇာ-ဗန်းမော်သွား လမ်းမတစ်ကြောတွင် တိုက်ပွဲပြင်းထန်လာသည့် မတ်လမှစပြီး ယင်းလမ်းမတစ်ကြောရှိ ဒေသခံပြည်သူများမှာ နောင်ချိန်းကျေးရွာသို့ စစ်ရှောင်လာကြသည်။ စတင်စစ်ရှောင်လာသည့်အချိန်တွင် အဘက်ဘက်မှ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုများရရှိသောကြောင့် အဆင်ပြေနေပေမယ့် ယခုရက်ပိုင်းအတွင်း ကူညီထောက်ပံ့မှုများ ရပ်တန့်သွားသဖြင့် ပိုမိုခက်ခဲသွားသည်ဟု ဆိုသည်။


လက်ရှိ နောင်ချိန်းစစ်ရှောင်စခန်းအတွင်း အိမ်ခြေ(၃၀)နေထိုင်ရန် အိပ်ခန်း(၁၀)ခန်းပါဝင်သည့် အဆောင်၃ဆောင် ဆောက်လုပ်နေပြီး၊ ယင်းအဆောင်တွေအတွက် မိုးကာအခက်အခဲများ ရှိနေကြောင်း စစ်ရှောင်စခန်းများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page