နမ္မားနန့်စလော်ရွာမှာ မပေါက်ကွဲသေးသောလက်နက်ကြီးကျည်များ လယ်ကွင်းထဲရှိနေ သောကြောင့် ဒေသခံတောင်သူတွေ စိုးရိမ်နေ
- Pajau Media

- Sep 16, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
မိုးညှင်းမြို့နယ်၊ နမ္မား နန့်စလော်ရွာတွင် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်များလယ်ကွင်းထဲရှိနေသောကြောင့် နန့်စလော်ရွာမှ တောင်သူတွေ စိုးရိမ်နေကြောင်း ပြောသည်။
" လယ်ကွင်းထဲကျတဲ့ လက်နက်ကြီးကျည်က ဘယ်နားကျမှန်း ရှာမတွေ့ဘူး၊သီတင်းကျွတ်လကုန်ဆိုရင် စပါးသိမ်းချိန် ရောက်ပြီ၊ လယ်သိမ်းချိန် လယ်ထွန်စက်နဲ့ ခုတ်မိပြီး ပေါက်ကွဲမှာ စိုးရိမ်ရတယ်၊ မနှစ်ကဆိုလဲ နမ္မားအမြောက်တပ်က ပစ်တဲ့လက်နက်ကြီးကျည်မကွဲသေးဘဲ လယ်ကွင်းထဲ ရှိနေတာ မသိကြဘူး ၊ ပဲပုပ်သိမ်းချိန်မှာ စက်နဲ့ခုတ်မိလို့ ပေါက်ကွဲတာ လူထိတယ်၊ အခုလဲ အဲ့လိုဖြစ်မှာ စိုးရိမ်တယ် " ဟု နန့်စလော်ရွာ တောင်သူက ပြောသည်။
ဩဂုတ်လ ၁၈ရက်နေ့က နန်းမား နန်းခမ်းကားလမ်းတွင် စစ်ကော်မရှင်တပ်သားများနှင့် K-PDF အဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်သားနှစ်ဦး သေဆုံးကာ နှစ်ဦးကို K-PDF မှဖမ်းဆီးသွားခဲ့သော ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် နမ္မားအမြောက်တပ်မှ နှစ်ရက်ကြာ လက်နက်ကြီးပစ်ခတ်ခဲ့စဉ် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှုများရှိကာ လယ်ကွင်းထဲသို့ ကျရောက်သော လက်နက်ကြီးကျည်များ မပေါက်ကွဲသေးဘဲ ကျန်ရှိနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် နန်းမား နန့်စော်လော်ကျေးရွာထိပ်မှ ပြည်သူများ၏နေအိမ်တွင် မူးယစ်ဆေးသုံးစွဲထားသော တပ်မ ၃၃ မှ စစ်ကော်မရှင်တပ်သားများ တပ်စွဲထားပြီး ဖြတ်သန်းသွားလာနေသော ပြည်သူများကို တင်းကြပ်စွာ စစ်ဆေးနေကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား










Comments