ပူတာအို-တန်ဂျာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ
- Pajau Media

- Oct 13
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ပူတာအိုမြို့နယ်၊ လုံရှာအုပ်စု၊ တန်ဂျာကျေးရွာအနီးတွင် KIAတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ ယမန်နေ့ အောက်တိုဘာ ၁၂ရက် မွန်းလွှဲ ၂နာရီခန့်က ထိတွေ့တိုက်ပွဲ ၂နာရီကြာ ဖြစ်ပွားခဲ့ပြီး၊ ဒေသခံများလည်း နီးစပ်ရာ လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲအတွင်းက သတင်းအတိအကျတော့ လောလောဆယ် မသိရသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာ အနီးအနားတဝိုက်က လူတွေတော့ ချက်ချင်းပူတာအိုဘက်ကို ထွက်ပြေးသွားကြပြီ၊ အဲ့ဘက်တော့ ဒေသခံတွေ စိုက်ခင်းလုပ်ကြတာ အများကြီးပဲလေ။ အကုန်ပြေးရတယ်" ဟု တန်ဂျာကျေးရွာဒေသခံတစ်ဦးက ပြောပြသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသည် တန်ဂျာကျေးရွာအနီး အင်ဒေါင်ဘွမ်၊ တာဝါတိုင်ကုန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာသည် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ စခန်းချနေထိုင်သည့် စခန်းနေရာအသစ်တစ်ခုဖြစ်ကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။
"စစ်တပ်က အဲ့ဒီနေရာကို ရှေ့တစ်လထည်းမှာပဲ ထပ်တိုးချဲ့ပြီး စခန်းချထားတဲ့ နေရာအသစ်ဟုတ်တယ်၊ ရွာကနေဆို ၂ မိုင်လောက်ဝေးမှာပေါ့၊ အရင်ကရွာထဲမှာနေတဲ့ အဖွဲတွေ ရွှေ့နေတာဟုတ်တယ်။ ဟိုဘက်က KIA/ နဲ့ပူးပေါင်းတပ်တွေလည်း အမြဲတမ်း သွားလာလှုပ်ရှားတဲ့နေရာဆိုတော့ သူတို့ထိပ်တိုက်ဆုံမိလို့ တိုက်ပွဲဖြစ်တာလို့ပဲ ထင်ပါတယ်။” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် တန်ဂျာကျေးရွာသည် ပူတာအို-မြစ်ကြီးနား ကားလမ်းမပေါ်တွင် တည်ရှိပြီး နှစ်ဖက်တိုက်ပွဲများ မကြာခနဖြစ်ပွားသည့် နေရာတစ်ခုဖြစ်ကာ၊ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လအစောပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - မလိခူး



Comments