ပူတာအိုမြို့တွင်း၌ Starlink Wifi စက်များ စစ်ကောင်စီမှ ဖမ်းဆီးနေ
- Pajau Media

- Dec 11, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။

ပူတာအိုမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဒီဇင်ဘာ ၉ရက်နေ့မှစတင်ကာ ရပ်ကွက်အသီးသီးရှိ အင်တာနက်ဆိုင်များတွင် တပ်ဆင်ထားသော စတားလင့်စက်များ အားလုံးကို လိုက်လံဖမ်းဆီး သိမ်းဆည်းနေကြောင်း ဒေသခံများ ပြောပြချက်မှ သိရသည်။
"မနေ့ကနေစပြီးတော့ သတင်းတွေ စထွက်လာတယ်။ ဒီနေ့တော့ ငါတို့လုံးဇွတ်ရပ်ကွက်နဲ့ လေယာဉ်ကွင်းဘက်မှာရှိတဲ့ ဆိုင်တွေအားလုံး ဝင်သိမ်းကုန်ပြီ။ ဘာအကြောင်းပြချက်မှလည်း မပြောဘူး၊ ဘယ်ကိုဘယ်လိုလိုက်လို့ လိုက်ရမှန်းလည်းမသိဘူး" ဟု မြို့ခံ Starlink စက်ပိုင်ရှင်တစ်ဦးက ၉ရက်နေ့တွင် ပြောကြားထားသည်။
နိုဝင်ဘာလလယ်လောက်မှစ၍ ပူတာအိုမြို့နယ် နေရာအချို့တွင် Mytelဖုန်းလိုင်းနှင့် အင်တာနက်(VPN ဝယ်ယူသုံးစွဲ) ရသည့်လိုင်းများ စတင်ထုတ်လွှင့်ပေးခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် ယခုကဲ့သို့ ချက်ချင်းဖမ်းဆီးဆောင်ရွက်လာကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြှင့်လာခဲ့ပြီး နေရာအတော်များများတွင် ပြည်သူများအကြား Starlink အင်တာနက်ဆိုင်များ ပေါ်ပေါက်လာခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးပိတ်ပင်ခြင်း၊ အခွန်ကောက်ခံခြင်းများကို စစ်ကောင်စီတပ်မှ မကြာခန ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း- မလိခူး




Comments