ပူတာအိုမြို့တွင် စစ်တပ်ထောက်ခံဆန္ဒ ထပ်မံဖော်ထုတ်လာ
- Pajau Media

- Oct 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
ပူတာအိုမြို့ပေါ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များကို အားပေးထောက်ခံသည့် ဆန္ဒပြလှုပ်ရှားမှုကို စစ်တပ်ထောက်ခံသည့် ပြည်သူအချို့က ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင် စစ်တပ်နှင့် ပြည်သူ့စစ်များက လုံခြုံရေးယူကာ ပြည်သူအနည်းစုများနှင့် လှည့်လည်ဆန္ဒပြနေကြပြီး၊ "လန်ဆယ်ဒေသထဲ ရောက်ရှိနေသည့် KIAနှင့် PDFများကို ဆန့်ကျင်ကြ၊ စစ်မျက်နာအသီးသီးမှ မျိုးချစ်စစ်သည်များ ကျန်းမာပါစေ" စသည့်စာသားများ ကိုင်ဆောင်ကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ရက် နေ့တွင်လည်း ခေါင်လန်ဖူးမြို့တွင် စစ်တပ်နှင့် ရ၀မ်ပြည်သူ့စစ်ထောက်ခံသူများက ယနေ့ကဲ့သို့ ဆန္ဒထုတ်ဖော် လှုပ်ရှားခဲ့ကြသည်။
ယင်းနေ့တွင်လည်း "လန်ဆယ်ဒေသ စစ်ဆင်ရေးများ အောင်ရမည်၊ အောင်ရမည်၊ KIA နှင့် အပေါင်းအဖော်များအား ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ။" စသည့်စာသားများဖြင့် ဖော်ထုတ်ခဲ့ကြသည်။
လန်ဆယ်ဒေကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ခုနှစ် ဒီဇင်ဘာတွင် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်နေ့ကတည်းက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
တန်ပြန်ထိုးစစ်ဆင်သော်လည်း အထိနာပြီး ပြန်ဆုတ်ခဲ့ရပြီးနောက် ယခုကဲ့သို့ ဆန္ဒပြထုတ်ဖော်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း










Comments