top of page

ပူတာအိုရေခဲတောင် သဘာဝဆေးမြစ် ဆေးဥ ရှာဖွေရေးခရီးစတင်

  • Writer: Pajau Media
    Pajau Media
  • 6 days ago
  • 2 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ သြဂုတ်၊ ၂၀၂၅။



မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ် ပူတာအိုဒေသသည် ရှားပါးသည့် သဘာဝဆေးမြစ်၊ ဆေးဥများထွက်ရှိ​သည့်အတွက် ဒေသခံများသည် ဆေးဖြစ်ရှာဖွေရေးလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်လုပ်ကိုင်ကြရာ ယခုလမှ စတင်ပြီး အမြင့်ပေ တစ်သောင်းကျော်သည့် ရေခဲတောင် ဒေသများတွင် လနဲ့ချီ နေကာ ဘေချီ၊ ဖေးချီ ၊ ရှီးပဒီး စသည့် ဆေးမြစ်များအား အသက်နှင့်ရင်းကာရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရှာဖွေကြရသည်။


ပူတာအိုဒေသထွက် သဘာဝဆေးမြစ်များ သည် စျေးကောင်းရသော်လည်း ရာသီဥတု လမ်းခရီး ကြမ်းတမ်းသည့် ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီနှင့် မဒွယ်ရာဇီ စသည့် တောင်များဆီ သွား‌ရောက်ရှာဖွေရခြင်း ဖြစ်ပါတယ်။ ပူတာအို ဒေသခံများအတွက် ဆေးမြစ် ရှာဖွေရေး လုပ်ငန်းသည် အသက်အန္တရာယ် ရှိသော်လည်း အဓိက ဝင်‌‌ငွေလမ်းကြောင်းဖြစ်သည့်အတွက် လုပ်ကိုင်နေရကြောင်းနှင့် ဘေချီဆေးမြစ်ရှာဖွေခြင်းကို နှစ်စဥ် သြဂုတ်လမှ အောက်တိုဘာလအတွင်း ရေခဲတောင်ပေါ်တွင်ရှာဖွေရတာဖြစ်ကြောင်းလည်း သိရသည်။


ဘေချီဆေးမြစ်သည် ရေခဲတောင်များ၏ ကျောက်ဆောင်၊ ကျောက်ကမ်းပါးယံနှင့် ရေခဲတောင်ဒေသရှိ စမ်းချောင်းများ၏ ကျောက်ဖျာများတွင် သွားရောက် ရှာဖွေရတာဖြစ်သည့်အတွက် ဘေချီဆေးမြစ်ရှာဖွေသည့်အဖွဲ့များ စတင်ထွက်တာနဲ့ ရင်ထိတ်ထိတ်နဲ့ သတင်းနားထောင်ရတယ် လို့ ဆေးမြစ်ရှာဖွေ သူတွေက ပြောပါတယ်။


“ဘေချီရှာတဲ့ အဖွဲ့တွေက ဒီလအတွင်းမှာ ထွက်ကြတယ် တစ်ချို့က ဘေချီထွက်တဲ့နေရာတွေ ဆီ ရောက်နေကြပြီ၊ ပူတာအိုဒေသမှာ မဲခြစ်ဥ, ဘေချီ ရှီးပဒီး သုံးမျိူးတော့ အဓိကထွက်တာပေါ့၊ သူ့ရာသီနဲ့သူတော့မဆိုးဘူးလို့ပြောရမှာပေါ့၊ နောက်ပိုင်းတော့ ဘယ်ဟာမှ အရမ်းရောင်းကောင်းတယ် ဆိုတာတော့ မရှိသလောက်ပါပဲ၊ ရှာဖွေတဲ့သူတွေ များတော့ နည်းနည်းပါးပါးပဲရကြပါတယ်။ ဆေးမြစ်ရှာရင်း တစ်နှစ်တစ်နှစ် အသက်ဆုံးတာတွေ အများကြီးရှိတယ်။ ဒီနှစ်တော့ ဘယ်လိုဖြစ်လာမလဲမသိဘူး၊ သတင်းကို နားစွင့်ရတာပေါ့ ရင်တစ်ထိတ်ထိတ်နဲ့ပဲ” ဟုဆိုသည်။


ရေခဲတောင်ဒေသမှ ရရှိလာသည့် ဘေချီဥများကို တရုတ်နိုင်ငံဘက်မှ အများအားဖြင့် ဈေးကောင်းပေးဝယ်လျက်ရှိ သည်။ ယင်း ဘေချီဥများကို တရုတ်နိုင်ငံတွင် တရုတ်တိုင်းရင်း ဆေး ထုတ်လုပ်ရာတွင် အသုံးပြုလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


ဘေချီဥများသည် ကြက်သွန်နီဥကဲ့သို့ရှိပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် အစိမ်း ရောင်ဟူ၍ အရောင်သုံးမျိုး ထွက်လျက်ရှိကြောင်းနှင့် အသက်နှင့်ရင်းပြီး ရှာဖွေရသည့် “ဘေချီဥ”များကို အခြောက်လှန်းကာ ပိဿာချိန်နှင့် ရောင်းကြရကြောင်း၊ ထိုကဲ့သို့ အခြောက်ခံပြီးရရှိလာသည့် “ဘေချီဥ” များ ကို လွန်ခဲ့တဲ့ နှစ် များတွင် တစ်ပိသာကို ၁၄သိန်း, ၁၅ သိန်း ဝန်းကျင်လောက် စျေးရကြောင်းလည်းသိရသည်။


ဘေချီဥရှာဖွေရာတွင် အဖွဲ့လိုက် သွားရောက် ရှာ‌ဖွေကြရတာဖြစ်ပြီး ကျောက်ဆောင် ကမ်းပါးတွင်သာ ပေါက်ရောက်သောကြောင့် ရာသီဥတုနှင့် လမ်းခရီးကြမ်းတမ်းတာကြောင့် ဆေးဥ ရှာဖွေချိန်တွင် ကျောက်ဆောင် ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးမှုများလည်းရှိသည့်အတွက် အသက်အန္တရာယ်များ သည့် အလုပ်ဖြစ်ကြောင်းလည်း သိ ရသည်။


ဘေချီဥရှာဖွေရေးစတင်ချိန်သည် မိုးကြီးသောအချိန် ဖြစ်သည့်အတွက် မိုးများပြီး လမ်းခရီး လည်း တအားချော်တယ်၊ မထင်မှတ်ပဲ ခြေချော်လက်ချော်ဖြစ်ရင် လိုက်ဖမ်းဖို့ခက်တယ်၊ ရေခဲတောင် ဆေးမြစ်ရှာဖွေရေးမှာ ဘေချီဥ ရှာဖွေသည့်အချိန်သည် အသက်ဆုံးရှုံးမှု အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။


2022,2023 နှစ် များတွင် ဘေချီဥရှာဖွေရင်း တောင်စောင်းမှ ခြေချော်ပြုတ်ကျတာတွေ၊အမောဖောက်သေဆုံးတာတွေ၊ ကျန်းမာရေး ကြောင့် အသက်ဆုံးရှုံးတာတွေ တစ်နှစ်မှာ 20 ဦးထက် မနည်းရှိကြောင်း သိရသည်။


ပူတာအိုဒေသမှာ ဆေးမြစ်ရှာအလုပ်သည် အသက်အန္တရာယ်များသည့် အလုပ်ဖြစ်ပေမဲ့ ဘိုးဘေးခေတ်ကတည်းက ဆေးမြစ်ရှာဖွေပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့သူများသည် သာမက လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဒီအလုပ်ကလွဲပြီး တခြားအလုပ်ကိုင်အခွင့်အလမ်း နည်းပါးသောကြောင့် အန္တရာယ်ရှိပေမယ့် မိသားစုဝမ်းရေးအတွက် ကြိုးစား လုပ်ကိုင်ကြရတာ ဖြစ်တယ်လို့လည်း ဆိုသည်။


ပူတာအိုရေခဲတောင်မှာ ဘေချီဥ အပြင် ရှီးပဒီး ဆေးမြစ်တွေကိုလည်း တရုတ်နိုင်ငံက အဓိကဝယ်ယူနေတာဖြစ်ပြီး ဒီနှစ်မှာတော့ အရင်နှစ်တွေလို ရှီးပဒီးဆေးမြစ်ကို ပိသာလိုက် ချိန်ပြီး ရောင်းဖို့ ခက်ခဲလာသည်ဟု ဆိုသည်။


အရင်တုန်းကလောက် မထွက်တော့ဘူး၊ တစ်နှစ်နဲ့တစ်နှစ် ရှားပါးလာတာရယ် ရှာဖွေသူတွေ နဲလာသည့်အတွက် ရှီးပဒီး ဆေးမြစ်ကို အကောင်အရေအတွက်ဖြစ်သာ ရောင်းဝယ် ကြရတယ် လို့လည်းဆိုသည်။

“ ဆေးမြစ်တွေက နှစ်တိုင်းရှာတယ် ဆိုတော့လေ ပိုပိုပြီး ရှားလာတယ်ပေါ့နော်၊ ရှီးပဒီးနဲ့ ဘေချီကတော့ တော်တော်ရှားလာတယ်၊ စျေးလည်းတက်လိုက်ကျလိုက်နဲ့ ဘေချီကိုတော့ ပိသာလိုက်စျေးရောင်းကြတယ်၊ ရှီးပဒီး ကို တော့ ပိသာလိုက်ရောင်းဖို့မထွက်ဘူး၊ အကောင်လိုက်ရောင်းကြတယ် ”


ဘေချီဥကိုတော့ ရေခဲတောင်ရဲ့အောက်ဘက် ကျောက်တောင် ကမ်းပါးတွေမှာ သက်စွန့်ရှာဖွေရတာဖြစ်ပေမဲ့ ရှီးပဒီးကိုတော့ ရေခဲတောင်ထိပ်မှာ ရေခဲအရည်ပျော်ကျချိန် မြေတွေကို တူးဆွပြီး ရှာဖွေရတာဖြစ် ကြောင်း လည်း သိရသည်။


ရှီးပတီး များကို ဦးရေ၊ ပျားရည်နှင့် အခြားဆေးမြစ်ဆေးဥအစုံဖြင့် ဖော်စပ်ပြီး မှီဝဲပါက ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆေးဖက်ဝင် အပင်တစ်မျိုးသည်သာမက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ စိတ်ဖိစီးမှုများနှင့် ရောဂါပိုးမွှားများမှ ကာကွယ်ပေးပြီး ကိုယ်ခန္ဓာ၏ Energy Level ကို မြှင့်တင်ပေးခြင်းကို လေ့လာတွေ့ရှိချက်အရသိရသည်။


ပူတာအိုဒေသမှ ရေခဲတောင်ဖြစ်တဲ့ ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီနှင့် မဒွယ်ရာဇီ စသည့် တောင်များတွင်သာ သဘာဝဆေး​မြစ် ဆေးဥများကို တွေ့ရလျက်ရှိပြီး ဒေသခံအများစုဟာ ရေခဲတောင်တွေကို အမှီပြုပြီး ခရီးသွားလုပ်ငန်းတွေ၊ ဆေးမြစ်ရှာဖွေရောင်းချခြင်းနဲ့ အသက်မွေးကြတာဖြစ်ကြောင်းလည်း သိရပါသည်။


သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ခရီးသွားလုပ်ငန်းတွေလည်း အရင်ကလို အဆင်မပြေတော့သည့်အတွက် အလုပ်ကိုင်အခွင့်လမ်းလည်း ပိုပြီး နည်းပါးနေလာကြောင်းလည်းသိရသည်။


  ဒါကြောင့် ဒေသခံအများစုက အသက်နဲ့ရင်းပြီး အန္တရာယ်ရှိတဲ့ဆေးမြစ်ရှာတဲ့အလုပ်ကိုပဲ အားထားကာ နှစ်စဥ် မိုးတွင်းကာလများ၌ အသက်အန္တရာယ် စိုးရိမ်ရသော်လည်း ဝမ်းရေးအတွက် ကြိုးစား လုပ်ကိုင်ကြရတာ ဖြစ်ကြောင်း သိရသည်။


သတင်း- ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page