ပူတာအို-အင်ဆိုင်းယာန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံး ပစ်ခတ်သွား
- Pajau Media

- Nov 13
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

စစ်ကောင်စိက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများထိ Y-12လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်နေသလို နိုဝင်ဘာ ၁၂ရက်နေ့ မွန်းလွှဲ ၁၁နာရီချိန်ခန့်တွင်လည်း ပူတာအိုဒေသ ဆွမ်ပီယာန်ကျေးရွာအနီး အင်ဆိုင်းယာန်ကျေးရွာတွင် လေယာဉ်ဗုံး(၅)ကြိမ်ထိ ပစ်ခတ်သွားကြောင်း သိရသည်။
“မနေ့က အင်ဆိုင်းယာန်ရွာမှာ Y-12လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ၅ကြိမ်ထိ ပစ်သွားတာ။ အခုလေယာဉ်ကြဲသွားတဲ့ နေရာတွေက တိုက်ပွဲဖြစ်တဲ့ နေရာတွေမဟုတ်ဘူး။ လေယာဉ်ရန် စိုးရိမ်နေရတယ်။” ဟု ဆွမ်ပီယာန်ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ ပစ်ခတ်သွားသည့် အင်ဆိုင်းယာန်ကျေးရွာတွင် မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက လေယာဉ်ဗုံးကြဲချသွားခြင်းမှာ ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အင်ဆိုင်းယာန်ကျေးရွာတွင် အိမ်ခြေ(၁၀)အိမ်ကျော် နေထိုင်သည့် ကျေးရွာငယ်တစ်ရွာဖြစ်ပြီး လေယာဉ်ပစ်ခတ်ချိန် ယာယီခေတ္တ ထွက်ပြေးတိမ်းရှောင်ခြင်း ရှိခဲ့သော်လည်း လက်ရှိတွင် နေအိမ်သို့ ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပူတာအိုဒေသ တန်ဂျာကျေးရွာအနီး မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားနေသည့် အခြေအနေဖြစ်ပြီး၊ ပြည်သူ့စစ်နှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့များ စစ်အင်အားတိုး လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ခြင်းမှာ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ



Comments