ဖားကန့်-တပ်မကုန်းမှ ဖမ်းဆီးထားသည့် အသက်၁၆နှစ်အရွယ် ၉တန်းကျောင်းသား မလွတ်လာသေး
- Pajau Media

- 3 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ဖားကန့်-တပ်မကုန်းစခန်းရှေ့ ဆိုင်ကယ်ဖြင့်ဖြတ်သွားစဉ် ဖမ်းဆီးခံရသည့် စစ်ရှောင်ကလေးငယ်မှာ လက်ရှိအချိန်ထိ အဆက်အသွယ်မရ ပြန်မလာသေးသောကြောင့် ကလေးငယ်၏ မိခင် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် ဖားကန့်သို့ သူငယ်ချင်းတစ်ဦးဖြစ်သူနှင့် ဆိုင်ကယ်ဖြင့် သွားရောက်နေစဉ် တပ်မကုန်းစခန်းမှ စစ်ကော်မရှင်တပ်များ တားဆီးစစ်ဆေး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
သို့သော် သူငယ်ချင်းဖြစ်သူအား ပြန်လည်လွတ်ပေးခဲ့သော်လည်း အသက်၁၆နှစ်အရွယ် မောင်မဒိန်နော်ဆိုင်း(ခေါ်) မောင်လထော်နော်ဆိုင်းအား လွတ်ပေးခြင်းမရှိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းနှင့် ယနေ့၅ရက်ကြာမြင့်ချိန်ထိ အဆက်အသွယ်မရ ပြန်လွတ်လာခြင်း မရှိသေးကြောင်း သိရသည်။
ဖမ်းဆီးခံရသူမှာ ဖားကန့်-မော်ဝမ်းကလေးကျေးရွာမှ စစ်ဘေးရှောင်ကလေးဖြစ်ပြီး၊ မိသားစုဝင်များလည်း သတင်းအစအနမရရှိသည့်အပြင် မည်သည့်နေရာမှစ စုံစမ်းရမည်ကို မသိရသဖြင့် စိုးရိမ်နေကြရသည်ဟု ဆိုသည်။
ဖားကန့်ဒေသတွင် လက်ရှိ စစ်ကော်မရှင်နှင့် KIAပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ လမ်းသွားလမ်းလာပြည်သူများကိုလည်း စစ်ဆေးရေး တင်းကြပ်နေဆဲ အခြေအနေလည်း ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments