ဖားကန့်ဒေသ တိုက်ပွဲတစ်ဖန်ဖြစ်ပွားပြီး၊ စစ်ရေးတင်းမာနေ
- Pajau Media

- 5 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊နိုဝင်ဘာ၊၂၀၂၅။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ဝ ရက်နေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် တိုက်ပွဲငြိမ်သက်နေခဲ့သော်လည်း ယမန်နေ့ နိုဝင်ဘာ ၂၅ရက်နေ့က တိုက်ပွဲတစ်ဖန်ပြန်လည်ပြင်းထန်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် တိုက်ပွဲခေတ္တငြိမ်သက်ခဲ့သော်လည်း စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်ရှိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
"တိုက်ပွဲခနသာငြိမ်ခဲ့ပေမဲ့ စစ်တပ်က လေကြောင်းပစ်ခတ်တာတွေတော့ နေ့တိုင်းလိုလို ရှိတယ် " ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညအချိန်တွင် ဖားကန့်ဒေသ ယူမာကျေးရွာဘက်တွင် Y-12 လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲခဲ့သောကြောင့် ပြည်သူနေအိမ်တစ်ချို့ ပျက်စီးခဲ့ရသည်။
ထို့အပြင် လုံးခင်းအုပ်စုကုဋေကျေးရွာတွင်လည်း စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကုဋေနှစ်ခြင်းဘုရားကျောင်းရှိ သင်းအုပ်ဆရာနေအိမ်နှင့် ဘုရားကျောင်းသုံး ကားတစ်စီး၊ အဆောင်တစ်ဆောင်ပျက်စီးသွားသည်။
စစ်ကောင်စီက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်သောကြောင့် နိုဝင်ဘာ ၁၀ရက်နေ့မှ ၂၅ရက်နေ့ထိ အရပ်သားပြညသူ ၆ဦး သေဆုံးခဲ့ပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း



Comments