top of page

ဖားကန့်ဒေသ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်လာပြီး၊ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ဖားကန့်ဒေသတွင် KIAနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် စစ်တပ်က စစ်အင်အားအလုံးအရင်း ဆက်တိုက်ထိုးစစ်ဆင်နေဆဲဖြစ်ပြီး၊ ဒေသခံပြည်သူအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။


ဖားကန့်ဒေသအတွင်း နေ့စဉ်နီးပါး တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် ဖားကန့်ပြည်သူ ဒေသခံအများစုမှာ မြစ်ကြီးနားဘက် စစ်ရှောင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖြစ်သည့်အပြင် ယနေ့ စက်တင်ဘာ ၁၆ရက် နံနက်အစောပိုင်းအချိန်တွင်လည်း မရှီကထောင်ကျေးရွာ ဒေသခံများက မြစ်ကြီးနားဘက် စတင်တိမ်းရှောင်နေကြပြီဖြစ်သည်။


စက်တင်ဘာ ၁၅ရက် ည ၈နာရီအချိန်ကတည်းက ဖားကန့်-ရှရော်ခအနီးဝန်းကျင်အတွင်း KIAနှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဖားကန့်-တပ်မကုန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ကူခဲ့ကြောင်း သိရသည်။


စစ်ကောင်စီက ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် နည်းမျိုးစုံဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် စက်တင်ဘာ ၁၅ရက်နေ့တွင်လည်း ဖားကန့်ဘက် စစ်ကူချီတက်လာသည့် စစ်ကား(၅)စီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ၊ လက်ရှိ နန့်ယားကျေးရွာတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


အလားတူ ဗန်းမော်ဒေသနှင့် ဝိုင်းမော်ဒေသဘက်ကိုလည်း စစ်တပ်က စစ်အင်အားဖြည့်တင်း ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်တိုက်ပြင်းထန်နေသလို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း

Photo credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page