top of page

ဖားကန့်ဒေသ နေ့စဉ်နီးပါး ထိုးစစ်တိုက်ပွဲ ပြင်းထန်သောကြောင့် ဒေသခံများ တိမ်းရှောင်သူများလာ

  • Writer: Pajau Media
    Pajau Media
  • Sep 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



စစ်ကောင်စီက ဖားကန့်ဒေသအတွင်း နေ့စဉ်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများမှာ မြစ်ကြီးနားဘက် တိမ်းရှောင်ထွက်ပြေးသူ များပြားလာကြောင်း သိရသည်။


ဖားကန့်ဒေသခံများမှာ မြစ်ကြီးနားဘက် ထွက်ပြေးတိမ်းရှောင်သူ များပြားသလို အချို့မှာ ကတုတ်ကျင်းတူး၍ နေထိုင်ကာ ကျန်ရစ်နေသူများ ရှိသေးကြောင်း သိရပြီး၊ ဖားကန့်-မရှီကထောင်ကျေးရွာမှ ဒေသခံအများစုမှာ စီတာပူနှစ်ခြင်းအသင်းတော်တွင် ခိုလှုံလာကြောင်း အသင်းတော်ဆရာတစ်ဦးက ပြောသည်။


“တိုက်ပွဲက နေရာတိုင်း ပိုပြီးပြင်းထန်လာတယ်။ စီတာပူမှာက စစ်ရှောင်မထားတော့ဘူးလို့ စခန်းဖျက်သိမ်းဖို့တောင် လုပ်ထားတာ။ ဒါပေမယ့် တိုက်ပွဲကြောင့် ပြန်ခိုလှုံလာသူတွေ ရှိနေတော့ ပြန်လက်ခံပြီး ပြုစုပေးနေတယ်။ ဖားကန့်-မရှီကထောင်နဲ့ ရှရော်ခကျေးရွာက ဒေသခံတွေ များတယ်။ ပြီးခဲ့တဲ့ ဩဂုတ်ရက်နေ့ကတည်းက စတင်ခိုလှုံလာတာ စက်တင်ဘာ၂၂ရက်နေ့အထိ စစ်ရှောင်တွေက ဝင်နေဆဲ ဖြစ်တယ်။” ဟု ပြောပြသည်။


လက်ရှိ စစ်ရှောင်ထွက်ပြေးနေရသည့် ဒေသများမှာ ဖားကန့်-ဆိုင်းတောင်အုပ်စုမှ မရှီကထောင်ကျေးရွာ၊ ရရော်ခကျေးရွာ၊ မော်တောင်း၊ ဆန်းကြွယ်၊ မော်မောင်းလျန်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေးနဲ့ ဖားကန့်မြို့တွင်းမှ အချို့ဒေသခံများ ဖြစ်ကြောင်း သိရသည်။


ဒေသခံအများစုမှာ အသင်းတော်အကူအညီဖြင့် တိမ်းရှောင်နေကြသူများ ရှိနေသော်လည်း အချို့မှာ ကိုယ်ထူကိုယ်ထ တိမ်းရှောင်နေရသူများလည်း ရှိနေသေးသောကြောင့် စစ်ရှောင်ပြည်သူများအတွက် ကူညီစောင့်ရှောင်ရေးကို လိုအပ်နေသေးကြောင်း စစ်ရှောင်များက ပြောသည်။


ဖားကန့်ဒေသ တိုက်ပွဲပြင်းထန်လာသည့် ပြီးခဲ့သည့် ဧပြီလနောက်ပိုင်းမှစပြီး စစ်ရှောင်လာကြသည့် ပြည်သူများမှာ ၂၀၀၀ မှ ၃၀၀၀နီးပါးထိ ရှိနေပြီဖြစ်ကြောင်း သိရပြီး၊ ဩဂုတ်လဆန်းကတည်းက တိမ်းရှောင်လာသည့် စစ်ရှောင်များမှာ ပိုမိုများပြားလာခြင်းကြောင့် စစ်ရှောင်လူဦးရေ အရေအတွက် တိတိကျကျ သိရှိနိုင်ရန် ခက်ခဲနေသေးသည်။


ဖားကန့်တိုက်ပွဲတွင် ဩဂုတ်လဆန်းကတည်းက စစ်ကောင်စီက ကားမိုင်း-နန့်ယား-ဖားကန့်လမ်းတစ်လျှောက်နှင့် လုံးခင်းအုပ်စု ကျေးရွာများတွင် ထိန်းချုပ်လာနိုင်ပြီးနောက် ဆိုင်းတောင်(ဆိပ်မူ)ဒေသဘက် တစ်ဖန်ထိုးစစ်ဆင်လာသည်မှာ လက်ရှိအချိန်ထိ ဖြစ်သည်။


ထို့အပြင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသဘက် ဖားကန့်တပ်မကုန်းမှ လက်နက်ကြီးများဖြင့် နေ့ည ရမ်းသမ်းပစ်ခတ်နေသောကြောင့်လည်း ပြည်သူများ ထိခိုက်သေဆုံးမှု များပြားနေသည်။


စက်တင်ဘာ ၂၂ရက်နေ့တွင်လည်း စစ်တပ်မှ ပစ်ခတ်လိုက်သည့် ဒရုန်းဗုံးကြောင့် ဆိုင်းတောင် ကျောက်သွေးတောင်က သားအဖနှစ်ဦး သေဆုံးခဲ့ရသည်။


သတင်း - ပီလမ့်အူ

Photo credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page