ဖားကန့်ဒေသ မှော်စီစာလမ်းမကြီးပေါ်၌ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
- Pajau Media

- Aug 22, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ ဩဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ် ဖားကန့်ဒေသ မှော်စီစာကျေးရွာရှိ လမ်းမကြီးပေါ်တွင် လူနှစ်ဦး ယနေ့ ဩဂုတ်၂၂ရက် နံနက် ၁၀နာရီခွဲ ဝန်းကျင်အချိန်ခန့်က ပစ်သတ်ခံထားရကြောင်း သိရသည်။
ပစ်သတ်ခံထားရသူတစ်ဦးမှာ အသက် (၄၅)နှစ်အရွယ် ကိုချစ်နိုင်ဆိုသူဖြစ်ပြီး၊ မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ်ရှိ စိန်ချိုကွမ်းယာဆိုင်အနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကာ၊ အခြားအမည်မသိပစ်သတ်ခံရသူမှာ မှော်စီစာရွာလယ် လမ်းဆုံအနီးလမ်းမပေါ်တွင် ပစ်သတ်ခံထားရခြင်း ဖြစ်သည်။
ဖားကန့်မြို့သည် ယခင်ကဲ့သို့ နေပျော်ဖွယ်ရာမဖြစ်ရုံမက ဒေသခံများ၏ အသက်ဘေးမှာ အမြဲပင် စိုးရိမ်နေရကြောင်းကို ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“အိမ်မှာနေရတာလည်း လက်နက်ကြီး ကြောက်နေရတာနဲ့၊ လေယာဥ်နဲ့ လာပစ်မှာကြောက်နေရတာနဲ့ အမြဲကြောက်ကြောက်လန့်လန့်နဲ့ နေနေရတယ်။ အိမ်ကယောကျ်ားကိုလည်း အိမ်ရဲ့စားဝတ်နေရေးကြောင့်သာ ကျောက်ရှာဖို့သွားခိုင်းနေရတာ အခုလိုဟိုမှာ ပစ်သတ်ခံရတယ် ဒီမှာပစ်သတ်ခံရတယ် ဆိုတဲ့သတင်းတွေကြားရင် သူများဖြစ်နေမလား ဆိုပြီးရင်တထိတ်ထိတ်နဲ့” ဟု ပြောသည်။
ထို့အပြင် ယနေ့တစ်ရက်ထဲတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ မရှီကထောင်ဈေးအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထပ်မံသိရသည်။
သတင်း - အန်ဒီ










Comments