top of page

ဖားကန့်ဒေသတွင် စစ်တပ်မှ အရပ်ဝတ်ဖြင့် စစ်ရေးလှုပ်ရှားနေဟုဆို

  • Writer: Pajau Media
    Pajau Media
  • Nov 3
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

စစ်ကောင်စီက နိုဝင်ဘာ ၁ရက်နေ့မှစ၍ အရပ်ဝတ်ဖြင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်နေ့ ညအချိန် ဖားကန့်-ယူမာကျေးရွာဘက် လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် အရပ်ဝတ်ဖြင့် လှုပ်ရှားသွားလာကာ စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။


ဒေသခံများက အဆိုပါ အရပ်ဝတ်ဖြင့် စစ်ရေးလှုပ်ရှားနေသည့် စစ်သားများကြောင့် အချင်းချင်းလက်တို့ ပြောဆိုကာ သတိထားသွားလာနေရသည့်အပြင် ယင်းစစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့ထဲတွင် ရှမ်းနီပြည်သူ့စစ်(SNA)တပ်ဖွဲ့များလည်း ပါဝင်နေသည်ဟု ဆိုသည်။


လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များမှာ ဖားကန့်‌ဒေသအတွင်း ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်စက်ရုံ၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ မှော်မောင်းလလျန်၊ မှော်ဆီစာ၊ တောင်ပြို၊ ရှရော်ခ၊ မော်တောင်း၊ ဆန်းကြွယ်ကျေးရွာတို့တွင် တပ်စခန်းချ နေထိုင်နေကြောင်း သိရသည်။


ဇွန်လဆန်းပိုင်းကတည်းက ဖားကန့်ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလာပြီးနောက် စစ်တပ်၏ လေယာဉ်ဗုံးနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသည့် အရပ်သားပြည်သူပေါင်း (၁၀၀)နီးပါး ရှိနေပြီဖြစ်ကြောင်း ဖားကန့်ဒေသအတွင်း လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုမှ သိရသည်။


ဖားကန့်တပ်မကုန်းနှင့် မရှီကထောင် ရခိုင်ကုန်း စစ်ကောင်စီတပ်စခန်းမှ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်နေ့ ည ၉နာရီအချိန်ခန့်တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယူမာ-စိန်လင်းကုမ္ပဏီဝင်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်မှုများ ရှိခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page