ဖားကန့်ဒေသတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် လက်နက်ပစ်ခတ်မှု နေ့တိုင်းဖြစ်နေ
- Pajau Media

- Nov 20
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ နိုဝင်ဘာလ၊ ၂၀၂၅။

လက်ရှိဖားကန့်ဒေသမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပေမဲ့ နေ့တိုင်းဆိုသလို လက်နက်ကြီးငယ် ပစ်ခတ်တာတွေ၊ ဒရုံးတိုက်ခိုက်မှုတွေ နေ့ညမပြတ်လုပ်နေတယ်လို့ ဒေသခံများက ဆိုသည်။
“ ဖားကန့်မှာတော့ နေ့တိုင်းပဲ လက်နက်သံ မကြားရတဲ့ ရက်ကိုမရှိဘူး နေ့မဟုတ်ရင်ည ပစ်နေတာပဲ၊ လက်နက်သံ ငြိမ်တဲ့အချိန်ကို မရှိတာ၊ စစ်တပ်က ပစ်ချင်တိုင်းပစ်နေတာ ဟုတ်တယ်၊ ရမ်းသမ်းပစ်တာပေါ့၊ တစ်ခါတစ်လေတော့ နာရီပိုင်းကြာအောင်ဆက်တိုက်ပစ်နေတာ၊ အဲလိုပစ်တဲ့ အချိန်မှာ ကျွန်တော်တို့ဘက်က ပြန်ပစ်လိုက်တော့၂ ရက် ၃ ရက်တော့ ပြန်ငြိမ်ပြီး တော့ ပြန်ပစ်" ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုံးပစ်တာတွေ နေ့တိုင်းလုပ်နေတာကြောင့် ဖားကန့်ဒေသမှာ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးတာတွေ အမြဲရှိနေကြောင်း သိရသည်။ လွန့်ခဲ့သည် နိုဝင်ဘာ ၁၈ ရက် နေ့ မှာလည်း ဖားကန့်မရှီကထောင် ဒေသခံများ ကျောက်စိမ်းတူးဖော်သည့်နေရာမှာ ဒရုံးလာပစ်သည့်အတွက် ကျော်စိမ်းရှာဖွေသူများ သေဆုံးမှုတွေ ရှိကြောင်းလည်း သိရသည်။ ဒရုံးလာပစ်သည့်နေရာသည် ဒေသခံများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည့်နေရာဖြစ်ကြောင်းနှင့် စစ်ကော်မရှင်က အချိန်နေရာမရွေး ပစ်ခတ်နေသည့်အတွက် ဒေသခံများ လုပ်ကိုင်စားသောက်ရေး ခက်ခဲနေ ကြောင်းလည်းသိရသည်။
ဖားကန့်ဒေသမှာ စစ်ကော်မရှင်စစ်ကြောင်းဝင်လာကတည်းက တိုက်ပွဲ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာသည့်အခြေအနေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးငယ်ပစ်ခတ်မှု၊ ဒရုံးပစ်ခတ်တာတွေ ဆက်တိုက်ရှိနေကြောင်းနှင့် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝိုင်းမော် ကန်ပိုင်တီလမ်းပေါ်က ဆဒုံးကျေးရွာဘက်မှာလည်း နိုဝင်ဘာ ၁၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်းသိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးတာတော့ မရှိကြောင်းသိရသည်။
ကချင်ပြည်နယ်တွင် အောက်တိုဘာလအတွင်း အရပ်သားထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း (၉)ဦး ရှိခဲ့ပြီး ၎င်းတို့ထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁)ဦးသေဆုံးပြီး (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kachin Human Rights Team ရဲ့ အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။ အဆိုပါ ထိခိုက်ဒဏ်ရာသူများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် (၃) ဦး၊ ဒရုန်းပစ်ခတ်မှုကြောင့် (၃) ဦး နှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၂) ဦးရှိကြောင်းဖော်ပြထားပါသည်။
သတင်း- ပီးလာမ့်အူ



Comments