ဖားကန့်ဒေသမှ စစ်အင်အား(၂၀၀)ခန့် ကားမိုင်းဘက် တပ်ဆုတ်ရွှေ့ပြောင်းနေ
- Pajau Media

- Oct 17
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ လက်ရှိမှာတော့ စစ်အင်အားအချို့က ကားမိုင်းဘက် စစ်မျက်နှာပြောင်းကာ တပ်ဆုတ်နေကြောင်း သိရသည်။
တပ်ဆုတ်သွားသည့် စစ်အုပ်စုမှာ မှော်ဆီစာဘုရားကုန်းနှင့် အမှိုက်ပုံတွင် တပ်စွဲနေထိုင်သည့် စစ်အင်အား(၂၀၀)ဝန်းကျင်ရှိ အုပ်စုအဖွဲ့များဖြစ်ပြီး၊ အောက်တိုဘာ ၁၄ရက်နေ့ကတည်းက နောက်ဆုတ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ဖားကန့်ဒေသကို စစ်ကြောင်းထိုး လှုပ်ရှားမှုမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဖားကန့်ဒေသတွင်ပင် စစ်အင်အား (၁၀၀၀)ဝန်းကျင်အထိ တိုးမြင့်ကာ စစ်အထိုင်ချ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
စစ်အင်အားအချို့ တပ်ဆုတ်သွားသော်လည်း မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ မှော်ရှန် စသည့်ဒေသများတွင် အခြေချသူများ ကျန်ရှိနေသေးကြောင်းနှင့် ဖားကန့်-နမ္မဖြစ်ကျေးရွာများတွင်လည်း ကျေးရွာအတွင်း ဝင်ရောက်နေရာယူထားတာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်ကြောင်း နမ္မဖြစ်ဒေသခံများက ပြောသည်။
“စစ်တပ်တွေ ဝင်လာတဲ့အချိန် တစ်ချို့ဒေသခံတွေက တိမ်းရှောင်သွားကြတယ်။ ကျနော်တို့က မရှောင်သေးဘူး။ စစ်တပ်ကလဲ မကြောက်နဲ့။ မရှောင်နဲ့လို့ပြောတယ်။ ရွာအတွင်း လာနေတာ တစ်ပတ်လောက် ရှိလာပြီ။ တစ်ချို့ဒေသခံတွေလဲ ရွာထဲပြန်ဝင်လာကြသူတွေ ရှိပါတယ်။” ဟု ပြောသည်။
လက်ရှိ ဖားကန့်ဒေသအတွင်း လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရသော်လည်း မလန်းကျေးရွာဘက်မှာ တိုက်ပွဲငြိမ်သက်နေသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ဖားကန့်ဒေသတွင် တပ်မ ၃၃နှင့် မိုးကောင်းမြို့တွင် အခြေစိုက်သည့် စကခတပ်စခန်းမှ စစ်တပ်များ၊ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားနေခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဖားကန့်ဒေသမှ စစ်အင်အားအချို့ တပ်ဆုတ်နေခြင်းမှာ အခြားဘက် စစ်မျက်နာပြောင်း ခွဲယူခြင်းဖြစ်နိုင်သလို၊ တပ်အပြောင်းအလဲ ပြုလုပ်ခြင်းလဲ ဖြစ်နိုင်ပြီး၊ ဖားကန့်စစ်ရေးအခြေအနေမှာ စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ



Comments