top of page

ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်မှုကြောင့် ဦးဇင်းအပါ ကိုရင်သုံးပါး ထိခိုက်ပြီး အမျိုးသားတစ်ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Aug 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊ သြဂုတ်လ၊ ၂၀၂၅



ဖားကန့်ဒေသမှာ ယခုရက်ပိုင်းအတွင်း ဖားကန့်ဗျူဟာကုန်းတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီး၊ ဒရုန်းဗုံးနှင့် လေကြောင်းဖြင့် ပြည်သူများနေထိုင်ရာဘက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများစွာ လက်နက်ထိမှန် ထိခိုက်သေဆုံးသူမှာ နေ့စဉ်ဆက်တိုက် ရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ဩဂုတ်၂၆ရက်နေ့ ညနေပိုင်းအချိန်တွင် ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးနှင့် ဒရုန်းဗုံးများ နေရာအနှံ့ကျရောက်ပေါက်ကွဲခဲ့ရာ မဏိဇေယျုံကျောင်းတိုက်မှ စားဖိုဆောင်အတွင်း ဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဦးဇင်းတစ်ပါးနှင့် ကိုရင်သုံးပါး ယမ်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။


ဒေသခံတစ်ဦးက 'ညနေပိုင်း မဏီဇေယျုံကျောင်းတိုက်မှာကျတဲ့အလုံးက စားဖိုဆောင်မှာဆိုတော့ အသက်သေဆုံးတာတွေ မရှိပေမဲ့ ဦးဇင်းတစ်ပါးနဲ့ ကိုရင်သုံးပါးဒဏ်ရာရတယ်။ ပေါက်ကွဲသံတွေကြားနေရတာ တစ်ညလုံးပဲ။” ဟု ပြောသည်။


ယခုရက်ပိုင်းအတွင်း ဖားကန့်ဒေသ လက်နက်ကြီးအပြင် ဒရုန်းဗုံး၊ လေကြာင်းနှင့် ရမ်းသမ်းပစ်ခတ်မှုများ ခပ်စိပ်စိပ် တိုက်ခိုက်နေပြီး၊ ယမန်နေ့ ညအထိ ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကာ ဖားကန့်နေရာအနှံ့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။


“လောလောဆယ် သိရတာတော့ ဆိုင်းတောင် 7 star နားမှာ တစ်လုံးကျတယ်၊ ဘဇံချောက်ဘက်က ကုမ္ပဏီဝန်းထဲမှာ တစ်လုံးကျတယ်၊ ကျန်တဲ့ ယူမာ၊ ဆိုင်းတောင်မြို့ရှောင်လမ်းဘက်တွေလည်း ကျတယ်လို့ကြားတယ်၊ အပျက်အစီးနဲ့ ထိခိုက်ဒဏ်ရရတဲ့သူတွေကိုတော့ အတိအကျမသိသေးဘူး' ဟု အထက်ပါက ဆက်ပြောပြသည်။


အလားတူ ယနေ့နံနက်အစောပိုင်း ၁၂နာရီကျော်ကတည်းက မရပ်မနား ပစ်ခတ်နေသော စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လုံးခင်းကျေးရွာအုပ်စုရှ ကထန်​ ကျေးရွာအနီး နေထိုင်သူ တရုတ်အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး၊ အခြား အထိအခိုက် အပျက်အစီးများမှာ ပါဂျောင်မီဒီယာမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page