top of page

ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ (၇)ဦး ထိခိုက်ဒဏ်ရာရရှိ

  • Writer: Pajau Media
    Pajau Media
  • Sep 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



စက်တင်ဘာ ၉ရက် နံနက်အစောပိုင်း ၁နာရီဝန်းကျင်အချိန်တွင် ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဘဇံချောက်နှင့် ဆိုင်းတောင်ကျေးရွာမှ ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။


"ညသန်းခေါင် လူတွေအိပ်နေတဲ့အချိန်မှာ ပြည်သူတွေနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တမင်သက်သက် ပစ်တာပါ။ ဘဇံချောက်၊ ဆိုင်းတောင်၊ တရုတ်ဘုံကျောင်းရှေ့တွေမှာ လက်နက်ကြီးတွေကျတယ်၊ ဘုံကျောင်းရှေ့မှာ ကျတဲ့အလုံးက လူမထိခိုက်ပေမယ့် တခြားနေရာတွေမှာ ပေါက်ကွဲခဲ့တဲ့ အလုံးတွေက လူ ၇ယောက် ထိတယ်၊ အဲ့ထဲမှာမှ ဘဇံချောက်မှာ ပေါက်ကွဲတဲ့ထဲက ဒေါ်မြင့်မြင့်သန်းရဲ့ မျက်နှာက တော်တော်လေး အခြေအနေ ဆိုးတယ်" ဟု ဖားကန့် ပြည်သူတစ်ဦးက ပြောသည်။


 စစ်ကော်မရှင်၏ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် ပြည်သူများမှာ ဘဇံချောက်ကျေးရွာမှ ဒေါ်မြင့်မြင့်သန်း အသက်(၄၅)နှစ်မှာ မျက်နှာပြင်းထန်ဒဏ်ရာရရှိပြီး၊ အသက်(၅၀)နှစ်အရွယ် ဦးဝင်းမြင့်မှာ ညာလက် ကျည်ထိမှန်ကာ၊ အသက်(၃၉)နှစ်အရွယ် ဦးခိုင်မြဲဦးမှာ ဘယ်လက်မောင်း ကျည်ထိမှန်ခဲ့သည်။


အလာတူ ဆိုင်းတောင် ရပ်ကွက်(၄)မှ ဦးလန်းချိန် အသက်(၄၀)နှစ်နှင့် အသက်(၄၂)နှစ်အရွယ် ဒေါ်ဖြူဖြူဝင်းမှာ ခါးကျည်ထိမှန်ပြီး၊ ဆိုင်းတောင် ရပ်ကွက်(၃)မှ မောင်မျိုး၊ အသက်(၃၂)နှစ်မှာ ခါး ညာဘက်ခြမ်း ကျည်ထိမှန်ကာ၊ အသက်(၄၅)နှစ်အရွယ် ဇော်ဝင်းမှာ ညာလက် ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။


ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၇လုံးမှာ (၆)နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘဇံချောက်၊ ဆိုင်းတောင် ရပ်ကွက် ၃၊၄နှင့် တရုတ်ဘုံကျောင်းရှေ့တို့တွင် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။


ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်မှာ လက်နက်ကြီးများနှင့် အရပ်သားပြည်သူနေထိုင်သည့် နေရာများတွင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page