ဖားကန့်မြို့သို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်လာသော စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူများကိုသေနတ်ဖြင့်ပစ်သတ်
- Pajau Media

- Aug 25, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊ သြဂုတ်၊ ၂၀၂၅။

ယနေ့ သြဂုတ်လ ၂၅ရက်နေ့ နံနက်ပိုင်း (၇) နာရီခန့်တွင် စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကောင်စီတပ်များက ဖားကန့်မြို့ထဲသို့ အလုံးအရင်း ချီတက်ဝင်ရောက်လာရာ ဒေသခံပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မှော်စီစာဘုရားကုန်းမှ ဆင်းလာကာ ဖားကန့်မြို့သို့ဦးတည်စစ်ကြောင်းထိုး ဝင်ရောက်နေစဥ် မြို့အဝင် ပန်းတင်တံတားနားတွင် ဒေသခံပြည်သူ ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ သေနတ်ပစ်ခတ်ခံရသော ဒေသခံများထဲမှ ဒေသခံအမျိုးသမီးတစ်ဦးမှာ မျက်နှာတွင်ကျည်ထိမှန်ကာ နေရာမှာပင် အသက်သေဆုံးသွားရပြီး၊ ကျန်အမျိုးသား (၃)ဦးမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့သည်။
ဒေသခံပြည်သူတစ်ဦး၏ ပြောဆိုချက်အရ 'သူတို့လမ်းကြောင်းမှာ လူမပြောနဲ့ခွေးဖြတ်တာတောင် မမြင်ချင်တဲ့သဘောပဲ၊ သူတို့နဲ့တွေ့ရင် ရှောင်ဖို့ဆိုပြီး တမင်လိုက်ပစ်တာလားတော့မသိဘူး၊ ပန်းတင်တံတားဂိတ်က ရဲတွေထွက်ကြည့်တာ ရဲတွေလည်းအပစ်ခံလိုက်ရတယ်၊ သေတဲ့သူတွေက သေသွားပြီ၊ မနေ့ညနေကလည်း အိမ်နားက အဲ့ဒီ ဥရုတံတားမှာ ဒရုန်းဗုံးကျကွဲသေးတယ်၊ ကံကောင်းလို့ဘယ်သူ့မှမထိတာ' ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု နှင့် ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များသာမက အသက်များစွာပင် ဆုံးရှုံးနေရခြင်းဖြစ်သည်။
သတင်း - အန်ဒီ




Comments