ဖားကန့်-မှော်၀မ်းရှိ ရွှေဆိုင် ဓားမြတိုက်ခံရ
- Pajau Media

- Sep 10, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း လက်ရှိ စစ်ရေးပြင်းထန်လျက်ရှိရာ တစ်ဖက်တွင်လည်း လက်နက်ကိုင်ကာ ဓားပြတိုက်လုယက်မှုများ ရှိနေကြောင်းသိရသည်။
ယမန်နေ့ နေ့ခင်း(၁)နာရီခန့်တွင်လည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ကိုင်ဆောင်ထားသော အမျိုးသားနှစ်ဦးမှ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
မျက်မြင်တစ်ဦး၏အဆိုအရ 'ကျွန်တော်တို့ကဒီဘက်လမ်းမှာရှိနေတာ၊ နေ့ခင်းကြောင်တောင်လမ်းမကြီးဘေးက ပန်းတိမ်ရွှေဆိုင်မှာကို ဓားပြဝင်တိုက်တာ၊ ဓားပြလို့ကြားတာနဲ့ အကုန်ဝိုင်းအုံပြေးသွားကြတာပဲ ဒါပေမဲ့ဟိုနှစ်ကောင်က သေနတ်နဲ့ဆိုတော့ဘယ်သူမှ အနားမကပ်ရဲကြဘူး၊ မှန်ကောင်တာရိုက်ခွဲပြီး ရွှေတွေနှိုက်ယူသွားကြတာ' ဟုဆိုသည်။
ဓားပြတိုက်ခံရသောရွှေပန်းတိမ်ဆိုင်မှာ မှော်ဝမ်းရပ်ကွက်ရှိ 'ပေါ်ဦး' ဟုခေါ်သော ပန်းတိမ်ဆိုင်ဖြစ်ပြီး၊ ဓားပြတိုက်သူနှစ်ဦးမှာ သေနတ်အတို နှင့်သေနတ်အရှည် တစ်လက်စီကိုင်ဆောင်ထားကြကာ ရွှေဆိုင်အား ဓားပြတိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ပါလာသောဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
အလားတူ မြစ်ကြီးနားမြို့ရှိ ရွှေဆန်းလီရွှေဆိုင်ကိုလည်း ဆိုင်ကယ်ဦးထုပ် ဆောင်းထားသည့် လူသုံးဦးမှ ဓားမြတိုက်မှု ဖြစ်ပွားခဲ့သည်။
သတင်း - အန်ဒီ




Comments