top of page

ဖားကန့်လမ်း ဆိုင်းဖရာကျေးရွာအတွင်း စစ်တပ်နေရာယူ တပ်စွဲထား

  • Writer: Pajau Media
    Pajau Media
  • Sep 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


မြစ်ကြီးနား-ဖားကန့်လမ်း၊ ဆိုင်းဖရာကျေးရွာတွင် စစ်ကောင်စီတပ်များက နေရာယူတပ်စွဲထားသည့်အပြင် လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးစစ်ဆေးမှုများ အပြင်းအထန်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


စစ်ကောင်စီတပ်များမှာ ကျေးရွာအတွင်း ဒေသခံပြည်သူများ၏ နေအိမ်များတွင် နေရာယူတပ်စွဲထားပြီး၊ အချို့တပ်ဖွဲ့များမှာ နှစ်ခြင်းခရစ်ယာန် (KBC) ဘုရားကျောင်းဝင်းအတွင်း ဂိတ်စခန်းချထားသည်ဟု ဆိုသည်။


အဆိုပါ ဘုရားကျောင်းဝင်းအတွင်း ဂိတ်စခန်းချ နေထိုင်သူများမှာ လမ်းသွားလမ်းလာ ပြည်သူများကို ပြင်းပြင်းထန်ထန် တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေပြီး၊ ဒေသခံပြည်သူများမှာ ပြီးခဲ့သည့် စက်တင်ဘာ၁၀ရက်ကျော် နောက်ပိုင်းကတည်းက မြစ်ကြီးနားဘက်သို့ တိမ်းရှောင်ခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။


ထို့အပြင် စပေါ့ကျေးရွာလမ်းဆုံနေရာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ အုပ်စုလိုက် နေရာယူလှုပ်ရှားမှုများ ရှိနေသောကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံအများစုက မြစ်ကြီးနားဘက် ကြိုတင်တိမ်းရှောင်မှုခဲ့ကြကြောင်း သိရသည်။


ဆိုင်းဖရာကျေးရွာ ဒေသခံများမှာ လက်ရှိ မြစ်ကြီးနားမြို့ရှိ ဂျော်မဆပ်စစ်ရှောင်စခန်းသို့ ခိုလှုံလာသူ ရှိသကဲ့သို့ အချို့မှာ တောတောင်နေရာအတွင်း ထွက်ပြေးတိမ်းရှောင်နေသူများလည်း ရှိနေသေးကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page