ဗန်းမော်ဒေသတွင် စစ်တပ်က စစ်လက်နက်ပစ္စည်းနှင့် အစားအသောက်များ နေ့စဉ်သယ်ယူပို့ဆောင်နေ
- Pajau Media

- Dec 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။

KIAအမှတ်(၃)တပ်မဟာဒေသ ဗန်းမော်ဒေသတွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ စစ်လက်နက်ပစ္စည်းနှင့် အစားအသောက် သယ်ယူပို့ဆောင်ခြင်းများ ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့မှာ ယခုရက်ပိုင်းအတွင်း စကခ(၂၁)တပ်စခန်းဘက်သို့ လေယာဉ်ဖြင့် အစားအသောက်များ၊ စစ်လက်နက်အင်အားများ လာရောက်ပို့ချပေးခြင်း ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။
ယခုကဲ့သို့ စစ်လက်နက်အင်အားများ တိုးချဲ့ကာ ပူးပေါင်းတပ်ဖွဲ့များ နေထိုင်သည်ဟု ယူဆရသည့် နေရာများတွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဗန်းမော်ဒေသတွင်း စစ်တပ်နှင့် KIAပူးပေါင်းတပ်ဖွဲ့များ နေ့စဉ်ထိတွေ့တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည်ဟု ဆိုသည်။
ထို့အပြင် KIAတပ်မဟာ(၁)ဒေသ ပူတာအိုဒေသတွင်လည်း စစ်ကောင်စီက စစ်ကြောင်းလှုပ်ရှားနေပြီး၊ စစ်အင်အားတိုးချဲ့မှုများ ပုံမှန်လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တပ်က ပူတာအိုဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းနေသည့်အပြင် ရွေးကောက်ပွဲရက်နီးလာသောကြောင့်လည်း မြို့တွင်း စစ်အင်အားတိုးချဲ့မှုများ ပိုမိုလုပ်ဆောင်လာကြသည်ဟု ဆိုသည်။
စစ်အင်အားတိုးချဲ့သည့်အပြင် စစ်ကြောင်းလှုပ်ရှားမှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် KIAတပ်ဖွဲ့နှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ ပူတာအိုဒေသ မချမ်းဘော့မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များတွင် စစ်ရေးပိုမိုလှုပ်ရှားနေကြောင်းလည်း ထပ်မံသိရသည်။
သတင်း - ထုဆိုင်း




Comments