ဗန်းမော်မြို့ရောက် စစ်သင်္ဘောများ ပြန်လည်ဆုတ်ခွာစုန်ဆင်း
- Pajau Media

- Sep 5, 2025
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေသည့် စစ်ကောင်စီ၏ စစ်သင်္ဘောများသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာ စုန်ဆင်းသွားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်သင်္ဘောစုစုပေါင်း ၆ စီးဖြစ်ပြီး စုန်ဆင်းလာသည့် စစ်သင်္ဘောများမှာ ပြီးခဲ့သည့် ဩဂုတ်လ ၁ရက်နေ့တွင် ဗန်းမော်မြို့ကို ရိက္ခာ၊ စစ်သုံးလက်နက်ခဲယမ်းများနှင့် လူအင်အားများ တင်ပို့ခဲ့သည့် စစ်သင်္ဘောများဖြစ်ကြောင်း သိရသည်။
ထိုစစ်သင်္ဘောများ အတက်အဆင်း လမ်းကြောင်းရှင်းရန်အတွက် စစ်တပ်က မြစ်ကမ်းနဘေးရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိသောကြောင့် မြစ်ကမ်းနဘေးတွင် နေထိုင်သောပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။
အဆိုပါစစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိလာပြီးနောက် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ သိသိသာသာပြန်လည်ပြင်းထန်လာကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ စစ်သင်္ဘောများသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နေ့နှင့် ၂၂ရက်နေ့မှစပြီး မန္တလေးဂေါဝန်ဆိပ်ကမ်းမှ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်လက်နက် ရိက္ခာ စစ်အင်အားများဖြင့် ဆန်တက်ခဲ့ခြင်းဖြစ်သည်။
သတင်း - ဖရိန်း




Comments