ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး၊ ရက်ရှည်ကြာမြင့်နိုင်ဟုဆို
- Pajau Media

- Sep 15, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

စစ်ကောင်စီက ဗန်းမော်ဒေသ အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ရက်ရှည်ကြာမြင့်လာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။
ဗန်းမော်ဒေသ စစ်သင်္ဘောရောက်ရှိချိန် ဩဂုတ်လဆန်းကတည်းက ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာ လက်ရှိချိန်ထိဖြစ်ပြီး၊ လက်လွှတ်ခဲ့သည့် တပ်စခန်းများကိုလည်း ပြန်လည်ရရှိနိုင်ရေး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အဓိကတိုက်ခိုက် ထိုးစစ်ဆင်နေကြောင်း သိရသည်။
စက်တင်ဘာ ၁၁ ရက်နေ့အတွင်း KIAတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် သံချပ်ကာတပ်ရင်း၊ ခလရ(၂၃၆)တို့ကို စစ်တပ်က ပြန်လည်ရရှိခဲ့ပြီး၊ စစ်ကောင်စီထောက်ခံ အချို့သတင်းများမှာတော့ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်သည့် ဗန်းမော်ဒေသအားလုံးကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း ဝါဒဖြန့် ဖော်ပြထားသည်ကို တွေ့ရသည်။
စစ်ကောင်စီထုတ်ပြန်ချက်ထဲတွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၄ရက်နေ့မှ ၂၀၂၅ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့အတွင်း ဗန်းမော်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ စစ်သား (၄၆၁၆)က ကျဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ(၅၀၀၀)နီးပါးရှိသည်ဟု ဖော်ပြထားပေမယ့် KIAက စစ်တပ်ထုတ်ပြန်ချက် လူဦးရေအထိမရှိကြောင်း ပြောဆိုထားသည်။
နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေဆဲကာလတွင် KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် အမြောက်တပ်(၃၆၆)ကို ဩဂုတ်လတွင် စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး၊ စက်တင်ဘာ ၁၁ရက်နေ့အတွင်း သိမ်းပိုက်ခဲ့သည့် တပ်စခန်းနှစ်ခုအပါအဝင် တပ်စခန်း ၃ခုကို စစ်တပ်က ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ ထို့အပြင် ဗန်းမော်တိုက်ပွဲမှာ နေ့စဉ်နီးပါး ဆက်တိုက်ပြင်းထန်နေဆဲ ဖြစ်သည်။
သတင်း - ပီလမ့်အူ




Comments