ဗလမင်းထင် တံတားတွင် ဖုန်းယူစစ်ဆေးပြီး ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာ
- Pajau Media

- Oct 31
- 1 min read
ပါဂျောင်မီဒီယာ
၃၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကောင်စီက မြစ်ကြီးနားမြို့တွင်း တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်သလို ဗလမင်းထင်တံတားတွင်လည်း ဖုန်းယူစစ်ဆေး မေးမြန်းခြင်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
“ဗလမင်းထင်တံတားမှာ စစ်ဆေးတာက နေ့တိုင်းပဲ။ ဆိုင်ကယ်၊ မော်တော်တွေကို တားဆီးစစ်ဆေးတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ဖုန်းကို အဓိကယူစစ်တယ်။ ဒီတစ်ပတ်အတွင်းပဲ ဝိုင်းမော်-ဂါးရာယန်ဘက်က အမှုထမ်း ဆရာမနှစ်ယောက် ဖမ်းခံလိုက်ရတယ်။ ဖုန်းမှာ စစ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေ့လို့ ပြောတယ်။ ဘာမှ ပြောယူလို့မရတော့ဘူး။ သတင်းလဲမကြားသေးဘူး။ လိုက်တော့လိုက်နေတယ်လို့ ပြောပါတယ်။” ဟု နီးစပ်သူတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီက ပြည်သူများ သွားလာလှုပ်ရှား ပြောဆိုမှုဆိုင်ရာများကို ဖုန်းထဲတွင် စစ်ဆေးပြီး၊ သံသယရှိသူများကို ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်ခြင်းကြောင့် ပြည်သူများများ သတိထားရမည်ဖြစ်ပြီး မိမိဖုန်း လုံခြုံရေးကိုလည်း သေချာစစ်ဆေး သွားလာရမည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ ပြည်သူများကို တားဆီးစစ်ဆေး ဖမ်းဆီးမှုမှာ ဗလမင်းထင်တံတားတွင်ပင် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ တံတားတွင်လည်း သံသယရှိသူများကို ခန္ဒာကိုယ်ထိ အသေးစိပ် စစ်ဆေးသည့်အပြင် လမ်းလျှောက်ခိုင်းပြီး ဟန်ပန်အမူအရာ စစ်ဆေးသည်အထိ လုပ်ဆောင်တတ်သည်ဟု ဆိုသည်။
စစ်ကောင်စီက တိုင်းပြည်အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးတပ်ဖွဲ့နှင့် ဆက်စပ်ကူညီသူများကို ဖမ်းဆီးအမိန့်ချခဲ့ပြီး လက်ရှိအချိန်ထိ ဆက်လက်ဖမ်းချုပ် စီရင်ဆဲဖြစ်သည်။
အောက်တိုဘာလဆန်းတွင်လည်း ယခင်၂၀၂၂ခုနှစ်က PDFတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့လုပ်ပေးသည်ဟု သံသယထားရှိသည့် အမျိုးသမီးတစ်ဦးကို ဗလမင်းထင်တံတားမှ ဖြတ်လာစဉ် တားဆီးစစ်ဆေး ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ သိမ်းဆည်းထားဆဲ ဖြစ်သည်။
ယင်းနောက်ပိုင်း Kpay အကောင့်မှ ငွေလွှဲငွေထုတ် စာရင်းများထိ တားဆီးစစ်ဆေးလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သတင်း - ပီလမ့်အူ



Comments