top of page

ဗလမင်းထင်တံတားတွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ဆရာမနှစ်ဦး ပြန်လွှတ်လာ

  • Writer: Pajau Media
    Pajau Media
  • Nov 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

ဗလမင်းထင်တံတားတွင် အောက်တိုဘာလကုန်ပိုင်းချိန် ဖမ်းဆီးခံခဲ့ရသည့် ဝိုင်းမော်မြို့နယ်ဘက်မှ ဆရာမနှစ်ဦးက ယခုအပတ်အတွင်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။


“ အဲဒီဆရာမနှစ်ယောက်ထဲက တစ်ယောက်မှာ စစ်သားဝတ်စုံနဲ့ ရိုက်ထားတဲ့ပုံ ပါနေလို့ ဖမ်းဆီးခံရတာ။ အခုက PCGတွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်းရလို့ ပြန်လွတ်လာပြီ။ ရိုက်ထားတဲ့ပုံမှာ KIAတံဆိပ်မပါလို့ တော်သေးတယ်။ အကကတဲ့ချိန် ဝတ်ပြီးရိုက်ထားတဲ့ပုံလို့ ပြောမှ လွတ်ပေးတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဗလမင်းထင်တံတားအပြင် မြို့တွင်းနေရာများတွင်လည်း သွားလာသူများကို တားဆီးစစ်ဆေးမေးမြန်းမှုလုပ်ကာ သံသယရှိသူများမှာ ဖမ်းဆီးခေါ်ဆောင်ခံရပြီး၊ ပိုက်ဆံဖြင့် ပြန်လည်ရွေးခိုင်းသည့် ဖြစ်စဉ်များ အကြိမ်ကြိမ်ဖြစ်ပွားနေသောကြောင့် အသက်အရွယ်ရသည့် လူငယ်များ သတိထားသွားလာရန် ရပ်မိရပ်ဖများက ပြောဆိုထားသည်။


ဗလမင်းထင်တံတားတွင် စစ်ဆေးမေးမြန်းခြင်းများ ပုံမှန်လုပ်ဆောင်နေသောကြောင့် သံသယဖြစ်စရာ ဓါတ်ပုံများ၊ ဆက်သွယ်လုပ်ထားသည့် မေ့ဆက်များ အထူးသတိထားရမည်ဖြစ်ပြီး၊ အဆိုပါတံတားမှာ စစ်ကောင်စီ၏ အဖမ်းအဆီးပြုလုပ်သည့် နေရာတစ်ခုလို ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page