top of page

မြို့ကြီးမြို့ပြအတွင်း ခိုးဆိုးလုယက်၊ ဓားမြတိုက်မှု ပိုမိုဆိုးရွားလာ

  • Writer: Pajau Media
    Pajau Media
  • 10 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဝမ်းစာအတွက် ရှာဖွေစားသောက်ရန် ခက်ခဲလာသည့် အခြေအနေတွင် မြို့တွင်း လုံခြုံရေးကင်းမဲ့လာသည့်အပြင် ခိုးဆိုးလုယက် လူသတ်မှုများပါ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။


မြစ်ကြီးနားမြို့တွင်လည်း ဓားမြတိုက်မှု၊ လုယက်မှုနှင့် ခိုးမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာနေပြီး၊ အဆိုပါလုယက်မှုများကို ကြည့်ခြင်းအားဖြင့် အရွယ်ရလူငယ်များ ပေါ်ပေါ်ထင်ထင် လှုပ်ရှားလာနေကြောင်း သိရသည်။


“နေရာတကာ ဆိုင်ကယ်ပျောက်တယ်။ တိုက်ခိုက်ပြီး ပစ္စည်းလုခံရတယ်ဆိုတဲ့ သတင်းတွေပဲ ကြားနေရတယ်။ လုံခြုံရေးမရှိတော့ဘူး။ သွားရေးလာရေးမှာလဲ အမြဲသတိထားနေရတယ်၊ စိတ်ညစ်တယ်။ ဖြစ်နိုင်ရင် လူပြတ်တဲ့ နေရာတွေမှာ တစ်ယောက်ထဲ သွားလာတာမျိုးကို မလုပ်မိဖို့ အရေးကြီးတယ်။” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။


ဒေသသတင်းဌာနများ ဖော်ပြချက်အရ မြစ်ကြီးနားမြို့တွင် ဩဂုတ်လအတွင်း ခိုးဆိုးလုယက် ဓားမြတိုက်မှု(၇)ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး၊ ဓားထိုးမှုကြောင့် အမျိုးသား(၁)ဦးလည်း အသက်သေဆုံးခဲ့ရကြောင်း သိရသည်.


ခိုးဆိုးလုယက်သူများမှာ အုပ်စုဖွဲ့ကာ နေရာခွဲပြီး ဆိုင်ကယ်ခိုးခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။ ထို့ကြောင့် ၁၀မိုင်ရပ်ကွက်မှာတော့ ဒေသခံများ အလှည့်ကျ တာဝန်ယူ လုံခြုံရေးယူပေးနေကြသည်ဟု ဆိုသည်။


ဒေသခံများမှာ တာဝန်ရှိသည့် အစိုးရမှ မြို့တွင်း လှုပ်ရှားနေသည့် ခိုးဆိုးလုယက်မှု၊ ဓားမြတိုက်မှုများကို အရေးယူဖြေရှင်းပေးရန် လိုလားကြသော်လည်း လက်ရှိ မော်တော်၊ ဆိုင်ကယ် ဖမ်းဆီးထိန်းသိမ်းခြင်းကိုသာ အရေးလုပ်နေသောကြောင့် အဆိုပါ လုပ်ရပ်အပေါ် မလိုလားကြဘူးဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page