top of page

မြစ်ကြီးနားတွင် ကလေးးပျောက်ဆုံးမှု များလာပြီး၊ သေဆုံးလျက် ပြန်လည်တွေ့ရှိသူ ရှိလာ

  • Writer: Pajau Media
    Pajau Media
  • Sep 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကလေးငယ်များ ရုတ်တရက်ပျောက်ဆုံးမှု များလာပြီး၊ သေဆုံးလျက် ပြန်လည်တွေ့ရှိသည့် ကလေးငယ်များ ရှိလာသည်ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။


မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှ အသက်(၆)နှစ်အရွယ် မလဘူမေရီနန်ဇင်သည် စက်တင်ဘာ၂ရက်နေ့ ညနေပိုင်းတွင် ပျောက်ဆုံးခဲ့ပြီးနောက် ၃ရက်အကြာ ယမန်နေ့က သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။


သမီးငယ်၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိချိန်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ကို တွေ့ရှိရပြီး၊ နေအိမ်နှင့် မဝေးသည့် ခြုံတောဘေးတွင် တွေ့ရှိကာ၊ မျက်နာမမှတ်မိလောက်သည့်အထိ ပုပ်ပွပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။


ထို့အပြင် ရွှေစက်ရပ်ကွက် ကြေးဆံနီ တရုတ်ကျောင်းမှ အသက်(၁၄)နှစ်အရွယ်နှင့် (၁၀)နှစ်အရွယ်ရှိ ညီအမနှစ်ဦးသည်လည်း စက်တင်ဘာ ၃ရက်နေ့က နံနက်ပိုင်း(၆)နာရီဝန်းကျင် ပဲပေါင်းဝယ်ခိုင်းရာမှ ပျောက်ဆုံးသွားသောကြာင့် တွေ့ရှိပါက အကြောင်းကြားပေးရန် လူမှုကွန်ရက်စာမျက်နာပေါ်တွေ တောင်းဆိုမှုများ ရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၉ရက်နေ့တွင်လည်း ရှဒေါင်ကျေးရွာ ရပ်ကွက်(၁)မှ အသက်(၄)နှစ်အရွယ် မအဲလစ်ဂျာဆိုင်းနွယ်အား အမျိုးသားနှစ်ဦးမှ ခေါ်ဆောင်သွားရာမှ အဆက်အသွယ်မရဘဲ ပျောက်ဆုံးမှု ရှိခဲ့သည်။

မြစ်ကြီးနားမြို့တွင် ကလေးငယ် ပျောက်ဆုံးမှုများ ပိုမိုများလာသည့်အပြင် ယခုကဲ့သို့ နိုင်ငံရေး ပျက်စီးနေသည့် ကာလတွင် ကလေး၊ လူကုန်ကူး များလာသောကြောင့် မိဘပြည်သူများ အထူးသတိပြုရမည့်အချိန်လည်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။


လက်ရှိ ကချင်ပြည်နယ် ပြည်သူလူထုများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်ခံနေရကြောင်း Kachin Human Right Watch-KHRWမှလည်း ဖော်ပြထားသလို၊ အုပ်စုဖွဲ့၊ ဓါးမြတိုက်လုယက်မှုများ၊ သတ်ဖြတ်ခံရမှုများနှင့် လူပျောက်သည့်သတင်းများ မကြာခဏ တွေ့မြင်လာသည်ဟု ဒေသခံများက ပြောသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page