မြစ်ကြီးနား-ပူတအိုကားလမ်း ပိတ်ထားသည့်အပြင် လေကြောင်းလိုင်းများ ပြည့်ကြပ်နေသောကြောင့် အဝေးသင်ကျောင်းသားများ ပြန်လမ်းခက်ခဲနေ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

မြစ်ကြီးနား-ပူတာအိုကားလမ်း ပိတ်ထားပြီးနောက် လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲလာပြီး အဝေးသင်ကျောင်းသား/သူများ ပြန်လမ်းမရှိ သောင်တင်နေကြောင်း တက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။
"ပူတာအိုဘက်က အဝေးသင်လာတက်တဲ့ ကျောင်းသား/သူတွေ အများပိုင်း အပြန်လမ်းပိတ်မိနေကြတယ်။ လေယဉ်လက်မှတ် ဝယ်လို့လည်းမရတော့ဘူး၊ နိုဝင်ဘာလကုန်အထိ လေယာဉ်နေရာတွေ အကုန်ပြည့်နေတယ်လို့ပြောတယ်။ အဆင်းတော့လွယ်တယ်။ ပူတာအိုအတက် လေယာဉ်နေရာတွေ ရဖို့တအားခက်နေတယ်။ အရင်လက သွားလာခွင့်ပိတ်ခံထားတာဖြစ်ပြီး၊ အခုလမှာ လိုင်းကားပြေးဆွဲမှုအထိပါ ပိတ်ထားလိုက်ပြီလေ။” ဟု ပူတာအိုမှ မြစ်ကြီးနားမြို့သို့ တက္ကသိုလ်အဝေးသင်ဖြေဆိုသူ ကျောင်းသားတစ်ဦးက ပြောသည်။
မြစ်ကြီးနား-ပူတာအိုကားလမ်း မပိတ်မှီကတည်းက ကျောင်းသား၊ လူငယ်၊ လူလတ်ပိုင်း စသည့် အသက် ၄၅နှစ်အောက် လူငယ်များကို ကားလမ်းအတိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့ပြီးဖြစ်သောကြောင့် လူငယ်များမှာ လေကြောင်းလိုင်းတစ်ခုသာ အသုံးပြုကြသည်ဟု ဆိုသည်။ သို့သော် လေယာဉ်လက်မှတ်များလည်း တစ်သိန်းနီးပါး မြင့်တက်နေသောကြောင့် ကျောင်းသားများ ခက်ခဲနေကြသည်ဟု ဆိုသည်။
“လက်မှတ်တစ်စောင် လေးသိန်းခွဲနဲ့ရတယ်။ အခုတော့ ငါးသိန်းကျော်သွားပြီ။ စာမေးပွဲပြီးတာနဲ့ ကားလမ်းပိတ်တာ တိုက်ဆိုင်သွားတော့ အတက်ခရီးသည်တွေ အများကြီးပဲ လက်မှတ်ဝယ်လို့ မရတော့လို့ ပိတ်မိနေကြပြီ" ဟု အထက်ပါအဝေးသင်ကျောင်းသားက ဆက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်နေ့တွင် မြစ်ကြီးနား-ပူတာအိုကားလမ်း ပိတ်ထားပြီးနောက် လေယာဉ်လက်မှတ်ဈေးမြင့်တက်ခဲ့သည့်အပြင် လက်မှတ်ဝယ်ယူရန် ခက်ခဲလာပြီး၊ နိုင်ဝင်ဘာလကုန်ထိ လေယာဉ်ထိုင်ခုံပြည့်ကြပ်နေပြီဖြစ်သောကြောင့် အဝေးသင်ကျောင်းသားများ ပြန်လမ်းခက်ခဲသွားကြောင်း သိရသည်။
ယခုလအတွင်း အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ အတက်အဆင်းများသည့် ကာလဖြစ်သည့်အပြင် ပူတာအိုဒေသအတွင်း လယ်စပါးများ ရိတ်သိမ်းအချိန် ဖြစ်နေသောကြောင့် အတက်ခရီးသည်များ ပြည့်ကြပ်နေကြောင်း လေကြောင်းလှိုင်းတိုင်း လေယာဉ်နေရာများ ယခုလကုန်ပိုင်းအထိ ပြည့်နေကြောင်း သိရသည်။
သတင်း- မလိခူး




Comments