မြစ်ကြီးနားမြို့တွင် နေ့တစ်ရက်တည်း ယာဉ်တိုက်မှု ၃ခုထိ ဖြစ်ပွား
- Pajau Media

- Dec 10, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ဒီဇင်ဘာလ၊၂၀၂၅။
မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း ယာဥ်တိုက်မှု ၃ခုထိရှိခဲ့ပြီး၊ တစ်ဦးသေဆုံးခဲ့ကြောင်း မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၉ရက်နေ့ တစ်ရက်ထဲတွင် တပ်ကုန်းရပ်ကွက် နိုင်းစတား ဆီဆိုင်အနီး ဆိုင်ကယ်ဖြင့် မတော်တဆဖြစ်မှု ရှိခဲ့သည့်အပြင် ရန်ကြီးအောင် Htoo ဆီဆိုင်အနီးတွင်လည်း နောက်ထပ်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါ အက်စီဒန့်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အင်ဂျန်ဒုံနှင့် မန်ခိန် လမ်းဆုံ သားအဖ ၃ ယောက် အဝိုင်းပတ်အနီးတွင်လည်း ကားမတော်တဆဖြစ်မှုကြောင့် ယာဥ်မောင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုအမျိုးသားမှာ ဒီဇင်ဘာလ ၉ ရက် မနက် ၂ နာရီခွဲခန့်အချိန်လောက်တွင် အဖြူရောင် ခရောင်းကားတစ်စီးဖြင့် သားအဖ ၃ ယောက် အဝိုင်းပတ်အနီးရှိ ဓာတ်တိုင်အား အရှိန်ပြင်းစွာ ဝင်ရောက်တိုက်ခဲ့သောကြောင့် ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရခြင်း ဖြစ်သည်။
ထိုသူမှာ စစ်ဆေးချိန် အရက်သောက်ထားမှုရှိနေပြီး ကားကိုစစ်ဆေးကြည့်လျှင်လည်း ကားဘရိတ် ပျက်စီးနေသည်ဟု ဆိုသည်။
ထို့ကြောင့် ကား၊ ဆိုင်ကယ်နှင့် ယာဥ်မောင်းနှင်ချိန် အရက်သေစာ သောက်စားခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်းများ မပြုလုပ်ကြရန် လူမှုကယ်ဆယ်ရေးအသင်းများအနေဖြင့် ပြောဆိုထားသည်။
မြစ်ကြီးနားမြို့တွင် ယာဥ်မတော်တဆဖြစ်မှု မကြာခဏဖြစ်ပေါ်နေပြီး ဒီဇင်ဘာလ ၇ ရက် ည ၈နာရီ ၁၅ မိနစ် အချိန်ခန့်တွင်လည်း မြေမြင့်ရပ်ကွက် မိုင်တဲကွေ့နားတွင် ကားနှင့် ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားခဲ့သေးသည်။
သတင်း - ဇော်










Comments