top of page

မြစ်ကြီးနားမြို့တွင် မော်တော်ဆိုင်ကယ် ဖမ်းဆီးမှု ခပ်စိပ်စိပ် ဖြစ်လာပြီး၊ အပြီးသိမ်းယူခံနေရ

  • Writer: Pajau Media
    Pajau Media
  • Sep 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မော်တော်၊ ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးဖြင့် ခပ်စိပ်စိပ် ဖမ်းဆီးစစ်ဆေးနေသည့်အပြင် အချို့ဆိုင်ကယ်များမှာ ဖမ်းဆီးထိန်းသိမ်းယူသွားသောကြောင့် သတိထားသွားလာနေရသည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။


“ကျနော်ဆိုင်ကယ်က ဘက်ထရီဘီးဖြစ်တယ်။ လိုင်စင်ကဒ်ပြားမပါလို့ ဖမ်းတာ အပြီးသိမ်းသွားတယ်။ ဘယ်လောက်ပြောပြော မပေးတော့ဘူး။ သူတို့က တစ်နေ့ကို၅စီး အပြီးဖမ်းဆီးသိမ်းယူတာလို့ ပြောပါတယ်။ ငွေနဲ့လဲ ထုတ်လို့မရတော့ဘူး။ တစ်ခြားသူတွေဆို ငိုယိုပြီး တောင်းပန်တာကိုတောင် လုံးဝမပေးတော့ဘူး။ ပြည်သူတွေရဲ့ ပင်ပင်ပန်းပန်း ကုတ်ခြစ်စုစောင်း ဝယ်ယူထားတဲ့ ဆိုင်ကယ်တစ်စီးကို သူတို့ အလွယ်တကူ သိမ်းယူသွားတာက မဖြစ်သင့်ပါဘူး။ ဒဏ်ရိုက်၊ ဒဏ်ပေးလို့လဲ ရတာပဲလေ။” ဟု မြစ်ကြီးနား မြို့ခံတစ်ဦးက ပြောသည်။


ဆိုင်ကယ်များမှာ လိုင်စင်ကဒ်ပြားရှိမရှိ၊ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ ဆိုင်ကယ်ဘက်မှန်များ တပ်ဆင်ခြင်း ရှိမရှိနှင့် ယာဉ်မောင်းလိုင်စင် စသည်တို့ကို ဖမ်းဆီးစစ်ဆေးနေပြီး၊ အချို့ဆိုင်ကယ်များမှာ ယာဉ်ထိန်းရဲများမှ အပြီးပိုင် ထိန်းသိမ်းယူသွားခြင်းမျိုး ကြုံရသည်ဟု ပြောသည်။


ဒေသခံပြည်သူများမှာ ကဒ်ပြား၊ လိုင်စင်၊ ဦးထုပ်၊ ဘက်မှန် စသည့် စည်းကမ်းချက်များ ပြည့်စုံလျှင် မဖမ်းဆီးကြောင်း သိထားသော်လည်း လက်တွေ့မှာ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်း၊ ဆိုင်ကယ်ရွေးဖမ်းဆီးခြင်းများ ပြုလုပ်နေသောကြောင့် သွားလာရေးအတွက် မလွတ်လပ်ဘဲ သတိထားနေရသည်ဟု ဆိုသည်။


မြစ်ကြီးနားမြို့၏ လမ်းဆုံ၊ လမ်းခွနေရာများတွင် နံနက် ၁၀နာရီနောက်ပိုင်းမှစပြီး ယာဉ်ထိန်းရဲများမှာ နေ့တိုင်းနီးပါး ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းနေခြင်းဖြစ်ပြီး၊ ယခင်က ဖမ်းဆီးစစ်ဆေးခံရချိန် ဆိုင်ကယ်တစ်စီး သုံးသောင်းကျပ်ဖြင့် ဒဏ်ငွေသာ ပေးဆောင်ခံရသော်လည်း လက်ရှိမှာ အပြီးသိမ်းယူခံနေရခြင်း ဖြစ်သည်ဟု ဆိုသည်။


ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်မောင်းလိုင်စင် ပါရှိရမည်ဖြစ်ပြီး၊ ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုး သေချာတပ်ဆင်ရန်၊ ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ဦးထက် ပိုမစီးနှင်ရန်နှင့် ဆိုင်ကယ်သတ်မှတ် နံပါတ်ပြား တပ်ဆင်ရန် စသည့် သတ်မှတ်ချက် စည်းကမ်းများကို စစ်ကော်မရှင်က ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page