မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းတွင် ပိတ်မိနေသည့် ယာဉ်တန်းများ တစ်လအတွင်းလေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခံရ
- Pajau Media

- Dec 30, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။
မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားရပြီး လမ်းတွင်းပိတ်မိနေသည့် ကားများကို စစ်ကော်မရှင်က လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရပြီး ကားများလည်းပျက်ဆီးခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှ ခင်ဦး နှင့် ရွှေဘို လမ်းပိုင်းတွင် စစ်ကော်မရှင်၏ ရဟတ်ယာဉ်ဖြင့် ဗုံးလာရောက်ကျဲချခဲ့သောကြောင့် ပြည်သူ (၉)ယောက်သေဆုံးခဲ့ရပြီး (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူတွေမှာ ခရီးသွားပြည်သူများနှင့် ကားဆရာများဖြစ်ကြပြီး ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွား bus ကား အပါအဝင်၊ ဆီတင်ကားများနှင့် ကုန်တင်ကားများ (၉)စီးလောက်ပျက်စီးခဲ့ရကြောင်းသိရသည်။
စစ်ကော်မရှင်က ထိုလမ်းပိုင်းကို လေကြောင်းဗုံးကျဲတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လျှက်ရှိပြီး တိုက်ခိုက်ရေးလေယာဉ် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ် တို့မှ ဒုံးကျည်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ခရီးသွားပြည်သူများနှင့် ကားဆရာများ ထိခိုက်သေဆုံးခဲ့ရပြီး ခရီးသွားကားများလည်း ပျက်စီးခဲ့ရသည်။
လွန်ခဲ့သည့် ဒီဇင်ဘာ ၁၀ရက်နေ့ ကတည်းက စစ်ရေးအခြေအနေကြောင့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းကိုပိတ်ထားခဲ့ပြီး၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း ထိုလမ်းပိုင်းကို လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ (၇) ဦးသေဆုံးခဲ့ရပြီး လက်ရှိအချိန်ထိထိုလမ်းပိုင်းတွင် ကားထောင်ချီပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။
စစ်ကော်မရှင်က ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး ရွေးကောက်ပွဲလုပ်ဆောင်နေသော်လည်းတဖက်တွင် အရပ်သားပြည်သူများကို ရန်သူသဖွယ် စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေပြီး လေကြောင်းနှင့် လက်နက်ကြီးများကို ပြည်သူတွေရှိရာသို့ ရမ်းတမ်းပစ်ခတ်မှုများ ပုံမှန်လုပ်ဆောင်နေကြောင်းသိရသည်။
သတင်း - ပီလမ့်အူ










Comments