မြစ်ဆုံစီမံကိန်းကို မကန့်ကွက်သင့်ကြောင်း စစ်ကောင်စီခန့် ဦးတင်အောင်စန်းကပြော
- Pajau Media

- Jan 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ဇန္နဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်တွင် ပြန်လည်စတင်မည့် မြစ်ဆုံစီမံကိန်းကို မကန့်ကွက်သင့်ကြောင်း စစ်ကောင်စီခန့် ဝန်ကြီး ဦးတင်အောင်စန်းက ဇန်နဝါရီ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်နေ့ တွေ့ဆုံပွဲအခမ်းအနားတွင် ပြောခဲ့သည်၊၊
မြစ်ဆုံစီမံကိန်းဖြစ်သည့် ရေအားလျှပ်စစ် စီမံကိန်းသည် ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်ပြီး ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်မည့် စီမံအချက်အလက်များကို ရှင်းပြကာ ဒေသခံများအနေဖြင့် မကန့်ကွက်သင့်ကြောင်းနှင့် ထိုစီမံကိန်း အောင်မြင်ပါက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အကျိုးခံစားခွင့်များကို နောင်မျိုးဆက်များက ခံစားရမည်ဖြစ်ကြောင်းကို ဦးတင်အောင်စန်းက ပြောသည်။
စစ်ကောင်စီက ၂၀၂၅ ခုနှစ် သြဂုတ် ၂၇ ရက်ကတည်းက ဧရာ၀တီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment(SPICYN)အဖွဲ့နှင့်အတူ စီမံကိန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ထိုမြစ်ဆုံစီမံကိန်းအပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုလည်း ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူများက ကန့်ကွက်နေသည်။
ထို ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၀၂ ခုနှစ် ဦးသန်းရွှေ လက်ထက်ကတည်းက လေ့လာကာ တရုတ် CPI ကုမ္ပဏီနှင့်အတူ လုပ်ကိုင်ခဲ့သော်လည်း ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၏ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဦးသိန်းစိန် အစိုးရက ရပ်နားခဲ့ခြင်း ဖြစ်သည်။
သတင်း-ဖရိန်း




Comments