မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းလာမှုအပေါ် RNK၏ သဘောထားထုတ်ပြန်ချက်
- Pajau Media

- Dec 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ဒီဇင်ဘာ၊၂၀၂၅။

မိမိတို့နိုင်ငံရှိ ပြည်သူများသည် သဘာဝအမွေအနှစ်များကို နှစ်ပေါင်းများစွာ ထိန်းသိမ်းကာကွယ်လာသည့် ပြည်သူများဖြစ်ပါသည်။ ဤကဲ့သို့ ထိန်းသိမ်းကာကွယ်လာသော်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အစိုးရနှင့် တပ်မတော်ဟု အမည်ခံထားသူများသည် နိုင်ငံ၏ သဘာဝအမွေအနှစ်များကို မတရား အကျွံအကျူး ထုတ်ယူ၍ တရားမဝင် ရောင်းချမှုများကို ယနေ့အချိန်ထိ ပြုလုပ်လျက်ရှိပါသည်။
ကချင်လူမျိုးသာမက မိမိတို့နိုင်ငံတွင် နေထိုင်သည့် လူမျိုးစုများအားလုံးအတွက် အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ဆုံသည် သဘာဝအမွေအနှစ်တစ်ခု ဖြစ်ပါသည်။ ယင်းမြစ်ဆုံနေရာတွင် တရုတ်အစိုးရနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့သည် မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်စတင်ရန် လုပ်ဆောင်လာပါသည်။ ဤစီမံကိန်းသည် ခေတ်အဆက်ဆက် အစိုးရများက လုပ်ဆောင်ရန် ကြိုးစားနေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်အစိုးရမှ ဖိအားပေး လုပ်ဆောင်ခိုင်းနေသည်ဟု ထင်ရှားနေပါသည်။
မြစ်ဆုံရေကာတာစီမံကိန်းသည် နှစ်ပေါင်း (၂၀) ကျော်ကြာ ပြည်သူလူထုတစ်ရပ်လုံးက မလုပ်ဆောင်ရန် ကန့်ကွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့အဖွဲ့အစည်း “River Network Kachin (RNK)” မှ အောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်ပါသည်။
(၁) ဒေသခံပြည်သူများ၏ ရိုးရာယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ်များကို လေးစားတန်ဖိုးထားရန်။
(၂) အာဏာသိမ်းစစ်ကောင်စီမှ မြစ်ဆုံရေကာတာစီမံကိန်း လုပ်ဆောင်လာမှုများကို အမြန်ဆုံး ရပ်တန့်ပေးရန်။
(၃) မြစ်ဆုံရေကာတာစီမံကိန်းအား တရုတ်နိုင်ငံ (သို့မဟုတ်) အုပ်စုတစ်စု၏ ကိုယ်ကျိုးစီးပွား လုပ်ဆောင်နေမှုကို ချက်ချင်း ရပ်တန့်ရန်။
(၄) ယင်းစီမံကိန်းကို ပြည်သူများနှင့်အတူ မိမိတို့အဖွဲ့အစည်းမှ နည်းလမ်းပေါင်းဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြော်ငြာလိုက်ပါသည်။




Comments