မြစ်ဆုံသွားလမ်းတစ်လျှောက်တွင် ပူးပေါင်းတပ်သားများမှ ရှောင်သခင် တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်လာ
- Pajau Media

- Sep 15, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

မြစ်ကြီးနား-မြစ်ဆုံးလမ်း ပလနအထက်ပိုင်းလမ်းတစ်လျှောက်တွင် စစ်သားများနှင့် ရဲများပူးပေါင်းကာ လမ်းသွားလမ်းလာ ကား၊ဆိုင်ကယ်သမားများကို ရှောင်သခင်စစ်ဆေးခြင်းများ ပြုလုပ်လာသောကြောင့် ပြည်သူများ ထိတ်လန့်နေရကြောင်း သိရသည်။
စစ်သားနှင့် ရဲပူးပေါင်းများမှာ နေ့စဉ်စောင့်ကြပ် စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ ရဲဖန်ရံခါမျှသာ ရုတ်တရက် စစ်ဆေးကာ၊ မြစ်ကြီးနားမှ အထက်ဘက်တက်မည့် ကား၊ဆိုင်ကယ်များကို အဓိကစစ်ဆေးကြောင်း တွေ့ရသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်နေ့တွင်လည်း စစ်သားနှင့်ရဲပူးပေါင်း ၁၀ဦးဝန်းကျင်က နံနက် ၇နာရီမှ ၉နာရီချိန်ထိ ပလနကျေးရွာ အထက်တန်းကျောင်းအနီး လမ်းဆုံမှာ လမ်းသွားလမ်းလာ ပြည်သူ ကား၊ဆိုင်ကယ်သမားများကို တားဆီးစစ်ဆေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မြစ်ဆုံးသွားလမ်းပေါ်ရှိ လမုန်ဇွပ်ဂိတ်တွင်လည်း အတက်အဆင်းကားများကို တားဆီးစစ်ဆေးခြင်း၊ ဂိတ်ကြေးကောက်ခြင်းများ ပုံမှန်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပြီး၊ ခရီးသည်ကား ချောဆွဲကာ ဘိလပ်မြေအိတ်သယ်ယူခြင်းများ ရှိခဲ့ကြောင်း ခရီးသည်တစ်ဦး ပြောပြချက်မှ သိရသည်။
ယင်းခရီးသည်က “ကျမတို့ဆင်းလာတဲ့ချိန် အဲ့ဂိတ်မှာ ခရီးသည်တွေ အကုန်လုံးကို ဆင်းခိုင်းတယ်။ ကားဆရာရော ဆင်းခိုင်းတယ်။ ပြီးရင် သူတို့ဘိလပ်မြေအိတ်တွေ သယ်ပြီးအကြာကြီးထွက်သွားလိုက်တာ။ ညနေပိုင်းမှ ပြန်ရောက်လာတယ်။ အကြာကြီးထိုင်စောင့်လိုက်ရတယ်။” ဟု ပြောပြသည်။
စစ်ကောင်စီများမှာ ဇန္နဝါရီ လလယ်ကတည်းက ရွှေစက်လမ်းခွဲမှ ပလနလမ်းတစ်လျှောက်၊ ခြောက်မိုင်ကုန်း ဘုန်းကြီးကျောင်းအနီး၊ ပလနနယ်မြေရဲစခန်းရှေ့၊ အထက်တန်းကျောင်းအနီး၊ ယိန်းခေါလမ်းခွဲအနီး စသည့်နေရာများတွင် တပ်သားများနေရာယူကာ ရံဖန်ရံခါ စောင့်ကြပ်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments