မူဆယ်-နမ့်ခမ်း တရုတ်ဂိတ် ဖွင့်လှစ်ပေးသော်လည်း အကန့်အသတ်များစွာ ရှိနေသောကြောင့် ဒေသခံများ ခက်ခဲနေ
- Pajau Media

- 6 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊နိုဝင်ဘာ၊၂၀၂၅။

ရှမ်းမြောက်၊ မူဆယ်-နမ့်ခမ်းရှိ တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်ကို နိုဝင်ဘာလဆန်းကတည်းက တရုတ်အစိုးရဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သော်လည်း ကုန်ပစ္စည်းများမှာ လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်၍ မရသေးဘဲ တရုတ်အစိုးရ သတ်မှတ်ပေးသော ကုန်ပစ္စည်းများကိုသာ သယ်ယူနိုင်သေးကြောင်း သိရသည်။
လက်ရှိတွင် မြန်မာမှထွက်သော ပြောင်းဖူး၊ စပါးနှင့် မီးသွေး စသည့် ကုန်ပစ္စည်းများကိုသာ တရုတ်နိုင်ငံဘက် အနည်းငယ် တင်သွင်းနိုင်ပြီး တရုတ်ဘက်မှလည်း အစားအသောက်များကိုသာ အဓိကတင်ပို့ပေးနေသည်ဟု ဆိုသည်။ အခြားစက်ပစ္စည်းများဆိုင်ရာ ကုန်ပစ္စည်းများကိုမူ စက်ပစ္စည်းတစ်ခုမှ မြန်မာဘက် တင်ပို့ခွင့်မပေးကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။
အဆိုပါ မူဆယ်-နမ့်ခမ်းကျေးရွာမှ ဒေသခံပြည်သူများမှာ ယခင်တရုတ်ဘက် လွတ်လွတ်လပ်လပ် ကုန်သွယ်ရောင်းဝယ်နိုင်ချိန်ကတည်းက လက္ဖက်ခြံ၊ ပြောင်းခြံ၊ စပါးနှင့် မီးသွေးဖုတ်လုပ်ငန်းများကိုသာ စားဝတ်နေရေးအတွက် အဓိက လုပ်ကိုင်စားသောက်နေကြသူများ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလှိုင် ၁၈ရက်နေ့တွင် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးမှ ကုန်ပစ္စည်းတင်သွင်း၊ ပို့ကုန်လုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံများမှာ နစ်နာဆုံးရှုံးမှုနှင့် အလုပ်လက်မဲ့ အများဆုံးဖြစ်ခဲ့ရသည်ဟု ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးဂိတ်ပိတ်ပြီး တစ်နှစ်ကြာပြီးနောက် နိုဝင်ဘာလတွင် အဆိုပါဂိတ် ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ယခင်အတိုင်း ကုန်စ္စည်းများ လွတ်လွတ်လပ်လပ် မကုန်သွယ်နိုင်ဘဲ အကန့်အသတ်များ ရှိလာသောကြောင့် အခက်အခဲများစွာ ရှိနေသေးသည်။
ထို့ကြောင့် ဒေသခံများအများစုမှာ လက္ဖက်၊ ပြောင်း၊ စပါးနှင့် မီးသွေးဖုတ် လုပ်ငန်းများကို ရပ်နားလာကြပြီး လုပ်ကိုင်သူမရှိသလောက် ရှားပါးလာကြောင်း သိရသည်။
သတင်း - ထုဆိုင်း



Comments