မိုးညှင်းတွင် မူးယစ်ဆေးသုံးစွဲသူများ ဓါး ကိုင်ဆောင်ပြီးသွားလာနေသောကြောင့် ပြည်သူများကြောက်လန့် ၊သက်ဆိုင်ရာမှ အမြန်ဆုံးထိန်းသိမ်းရန် တောင်းဆို
- Pajau Media

- Oct 3, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများက ဓါးကိုင်ဆောင်ပြီး သွားလာနေသောကြောင့် မြို့နေပြည်သူများ ကြောက်လန့်နေသဖြင့် သက်ဆိုင်ရာဌာနများမှ အမြန်ဆုံးထိန်းသိမ်းစေလိုသည်ဟု မြို့ခံများက ပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများမှာ ယခင်ကထက် အလွန်ပေါများလာပြီး မြို့တွင်း တုတ်/ဓါးများကိုင်ဆောင်ကာ သွားလာနေသောကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း စားသောက်ဆိုင်ဖွင့်ထားသည့် အသက် ၄၅နှစ်အရွယ်အမျိုးသမီးမှ ပြောသည်။
" အဲ့ဒီဆေးသမားက တရက်ထဲနဲ့ညနေပိုင်းမှာ ဆိုင်ကိုသုံးကြိမ်လာတယ် ၊ထမင်း ကြော်လာဝယ်တာက တကြိမ် ၊အရက် ရောင်းလားဆိုပြီး လာမေးတာက တကြိမ် ၊ နောက်တကြိမ်က ဆိုင်ရှေ့နားမှာ ယောင် ပေပေနဲ့လုပ်နေတာ၊ ဆိုင်ကိုလာတဲ့အခါ ဓါးကို လွယ်အိတ်ထဲထည့်ထားတာ၊ သူ့ပုံစံက ဆိုင်လူရှင်းချိန်ကို လာချောင်းတဲ့ပုံစံဆိုတော့ ဆိုင်ကကလေးတွေက အရမ်းကြောက်နေကြတာ၊ အားလုံးသတိထားကြရတော့မယ်။"ဟု ပြောသည်။
မြို့ခံများ၏ ပြောပြချက်အရ မူးယစ်ဆေးဝါးသုံးစွဲသူများက ညသန်းခေါင်ချိန်တွင် စစ်သင်တန်း ပြုလုပ်သည့် ပုံစံဖြင့် ဆူညံစွာ အော်ဟစ်ကြွေးကြော်နေတတ်ကြောင်း သိရသည်။
"လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ည(၁)နာရီလောက်ကြီး ဆေးသမားနှစ် ယောက်က ဘယ်ညာ ဘယ်ညာ သက်သာ အေးစေ သတိ ဆိုပြီး အကျယ်ကြီး ဆက်တိုက်အော်နေတာ၊ မသိရင် စစ်သား တွေချီတက်လာတဲ့အတိုင်းဘဲ။" ဟု မြို့ခံအမျိုးသမီးတဦး ပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲများသည် မိုးဒါးစုရပ်ကွက် ကျားဖြူဘုရားကြီးဇာတ်ရုံ၊ အရှေ့စုရပ်ကွက် လျောင်းတော်မူဘုရားကြီးဇာတ်ရုံ၊ အောင်သပြေရပ်ကွက် နွားခြံဟောင်းများတွင် စားတဲချနေထိုင်နေကြပြီး မြို့တွင်းတွင် အုပ်စုဖွဲ့ လှည့်လည်သွားလာ ပိုက်ဆံတောင်းနေကြသောကြောင့် ပြည်သူများကို အန္တရာယ်ပေးလာမည်ကို စိုးရိမ်နေရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၆၀) ကျော်ကို မိုးညှင်းမြို့နယ်မှာ ကားဖြင့်လာ ရောက်စွန့်ပစ်ခံရသူများထဲမှ အချို့က အင်းတော်ကြီးဒေသမှ SNA များ၏ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်သင်တန်းတက်ခဲ့ရသည့် သူများပါဝင်နေကြောင်း စုံစမ်းသိရှိရပြီး ၊ ထိုသူတို့သည် မြို့ခံများအတွက် ပို၍အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်နေသည်ဟု မြို့ခံများပြောသည်။
သတင်း - ကချင်ပြည်သား




Comments