top of page

မိုးညှင်းမြို့တွင် အုပ်စုဖွဲ့ တောင်းရမ်းစားသောက်သူ များပြားလာပြီး၊ ဆိုင်ခန်းဖောက်ထွင်းခံရမှု များလာ

  • Writer: Pajau Media
    Pajau Media
  • Sep 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အုပ်စုဖွဲ့၍ တောင်းရမ်းစားသောက်သူများနှင့် အမှိုက်ကောက်သူများ သိသိသာသာ များပြားလာပြီး ဆိုင်ဖောက်ထွင်းမှုများပါ မကြာခဏဖြစ်ပွားလာသဖြင့် မြို့ခံပြည်သူများအကြား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာကြောင်း သိရသည်။


"သူတို့က တမြို့လုံးပတ်သွားပြီး တောင်းစား‌နေကြတာ၊ နှစ်ဦး/သုံးဦးတွဲပြီး တောင်းတာဆိုတော့ မပေးရင်လဲ လူကို ရန်လုပ်သွားမှာတောင် စိုးရိမ်ရတယ်၊ တောင်းစားတဲ့သူက အရမ်းများလို့ တောင်းတာမရရင် လုယက်တာမျိုးလုပ်လာမှာ စိုးရိမ်ရတယ်၊" ဟု မိုးညှင်းမြို့တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အသက် ၄၀နှစ်အရွယ် အမျိုးသမီးက ပြောသည်။


လက်တလော သိမ်အင်းရပ်ကွက်မှ စက်ချုပ်သင်တန်းဆိုင်၊ ရေလည်ကျွန်းရပ်ကွက်မှ ဖိနပဆိုင်နှင့် မီးရထားလိုင်းမှ ဖုန်းတပတ်ရစ်အရောင်းဆိုင်များ ဖောက်ထွင်းခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။


မြို့ခံများမှာ အုပ်စုဖွဲ့ တောင်းရမ်းစားသောက်နေကြသူများမှာ မူးယစ်ဆေးစွဲနေသူများ ဖြစ်ကြပြီး၊ မြို့ခံများ မပါကြဘူးဟု ဆိုသည်။


ပြီးခဲ့သည့် ဩဂုတ်၂၄ရက်နေ့က မိုးညှင်းမြို့မဈေးအနီး မူးယစ်ဆေးဝါးသုံးစွဲသူ (၆၀)ကျော်ကို ကားဖြင့်တင်ဆောင်ကာ လာရောက်စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အုပ်စုဖွဲ့ တောင်းရမ်းသူ၊ အမိုက်ကောက်သူများ ပိုမိုများပြားလာသည်ဟု ဆိုသည်။


ထို့အပြင် အင်းတော်ကြီးဒေသမှ မှော်ခါပြီးစွန့်ပစ်လိုက်သော မူးယစ်ဆေးဝါးသုံးစွဲသူများ ဖြစ်သဖြင့် မူးယစ်သုံးစွဲရန် ငွေကြေးခက်ခဲလာပါက ခိုးမှု၊ ဓားပြမှု၊ လုယက်မှုနှင့် လူသတ်မှုအထိ ကျူးလွန်လာနိုင်သောကြောင့် ဒေသခံများ စိုးရိမ်နေရသည်ဟု ဆိုသည်။


မြို့နေပြည်သူများ၏ လုံခြုံရေးအတွက် ရာဇဝတ်မှုများ မကြီးထွားလာမီ ကြိုတင်ကာကွယ်ရန် အရေးကြီးကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တောင်းရမ်းစားသောက်သူများကို နေရပ်ပြန်ပို့ခြင်း သို့မဟုတ် သင့်လျော်သော စီမံခန့်ခွဲမှုများ ပြုလုပ်ပေးသင့်ကြောင်း ဒေသခံများက လိုလားနေကြသည်။


အလားတူ မြစ်ကြီးနားမြို့တွင်လည်း နေ့စဉ်နီးပါး ခိုးဆိုးလုယက်မှုများ၊ အိမ်ဖောက်ထွင်းမှု၊ ရွှေဆိုင်ဖောက်ထွင်းမှု၊ ဆိုင်ကယ်လုယက်နှင့် လူသတ်မှုများ အလွန်ဆိုးရွားနေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page