top of page

မိုးညှင်းမြို့ လယ်မှီးကျေးရွာထိပ်တွင် မူးယစ်ဆေးစွဲသူ (၆၀)ကျော်ကို လာရောက်စွန့်ပစ်ထား

  • Writer: Pajau Media
    Pajau Media
  • Aug 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ ဩဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ်၊ မိုးညှင်းမြို့ လယ်မှီးကျေးရွာထိပ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို တုန်ဖုန်းကားအပြည့် တင်လာကာ လာရောက်ပစ်ချသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


လယ်မှီးဒေသခံတစ်ဦး ပြောပြချက်အရ “ရွာထဲမှာ ကားနဲ့လာချသွားတာ။ ဆေးသမား အယောက်(၆၀)ကျော်တယ်။ အဲ့ထဲမှာ အမျိုးသမီ(၆)ယောက် ပါတယ်။ တော်တော်များများက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ဘဲ။ ဖိနပ်မပါ၊ အင်္ကျီမပါတဲ့သူရောဘဲ။ စားစရာလည်းမပါ၊ ပိုက်ဆံလည်းမပါဆိုတော့ ရွာထဲမှာ လှည့်ပတ်ပြီး တောင်းစားနေကြတာ။ ရွာထဲခိုးတာ လုတာမျိုးဖြစ်လာမှာစိုးလို့ ဈေးရှိပြီး စားစရာပေါတဲ့ မိုးညှင်းမြို့ကို ကားနဲ့တင်ပြီး သွားပစ်ခဲ့ရတယ်၊ အမှိုက်ပစ်တယ်ဘဲ ကြားဖူးတာ၊ အခုတော့ လူကိုအမှိုက်ပစ်သလိုပစ်နေကြပြီ။” ဟု ပြောပြသည်။


မူးယစ်ဆေးဝါးသုံးစွဲသူများကို တင်လာသည့် တုန်ဖုန်းကားမှာ ပြီးခဲ့သည့် ဩဂုတ်လ(၁၅)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်တွင် အမည်မသိ ကားတစ်စီးမှ လာရောက်ပစ်ချသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


လာရောက်ပစ်ချသွားသည့် မူးယစ်ဆေးဝါး သုံးစွဲသူများထဲတွင် အမျိုးသမီး(၆)ဦးပါဝင်နေပြီး၊ စုစုပေါင်းအားလုံးမှာ (၆၀)ကျော်ဖြစ်ကြောင်း၊ ထမင်းတစ်ထုပ်စီနှင့် ပိုက်ဆံတစ်သောင်းကျပ်စီဖြင့် မိုးညှင်းမြို့တွင် လာရောက်ပစ်ချသွားခဲ့ကြောင်း၊ အများစုမှာ ဖိနပ်မပါ၊ အင်္ကျီမပါဘဲ အဝတ်တစ်ခု၊ ကိုယ်တစ်ခုဖြင့် တောင်းစားနေကြကြောင်း သိရသည်။


ယင်းတို့မှာ လက်ရှိ မိုးညှင်းမြို့ထဲ နေရာအနှံ့ လျှောက်သွားကာ တောင်းစားနေကြပြီး၊ နေထိုင်စရာအတွက် ကျားဖြူဘုရားကြီး ဇာတ်ရုံထဲခိုလှုံကြကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page