မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ဖွင့်ပေးရန်အတွက် ခရီးသွားများနှင့် ကားသမားများ တောင်းဆို
- Pajau Media
- 6 days ago
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ ဩဂုတ်၊ ၂၀၂၅။
မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းကို အမြန်ဆုံးဖွင့်ပေးရန်အတွက် ကားသမားများ ရာချီမှ လွှဲဆိပ်ကျေးရွာတွင် ခရီးသွားများနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း ကားသမားများထံမှ သိရသည်။
"ဘောရွာ၊ လွှဲဆိပ်၊ ဆယ့်တစ်ပေါက်ရွာတွေမှာ အဆင်းကားတွေ ရာချီပြီး ပိတ်မိနေတာမို့ လမ်းဖွင့်ပေးဖို့အတွက် တောင်းဆိုရတာပါ။ ကျွန်တော်တို့ကားအဖွဲ့ဘဲတောင် ဩဂုတ်လ၂ရက်နေ့ကထဲက ပိတ်မိနေတာ၊ ခုထိမပြန်ရသေးဘူး။ လေယာဉ်ဗုံးကျဲတာနဲ့လည်း ကြုံရတယ်၊ အတက်ကားတွေ လမ်းပွင့်ပြီး အဆင်းကားတွေ လမ်းမပွင့်လို့ တောင်းဆိုရတာပါ။” ဟု အမည်မဖော်လိုသည့် ကားဆရာတစ်ဦးက ပြောသည်။
ကားလမ်းများ အမြန်ဆုံးဖွင့်ပေးရန်အတွက် ပြီးခဲ့သည့် ဩဂုတ်၂၈ရက်နေ့တွင် ကားသမားများနှင့် ခရီးသွားကားများ ပူးပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
ကားသမားများ ပြောဆိုချက်အရ ဩဂုတ်လဆန်းကတည်းက ပိတ်မိနေခြင်းဖြစ်ပြီး၊ လေယာဉ်ဗုံးကြဲခံရခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သိန်း၃၀ထိ အကုန်အကျခံကာ ရွှေဘိုအထိ ပြန်လှည့်သွားတာမျိုး ရှိခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၄ရက်နေ့နှင့် ၁၁ရက်နေ့တို့တွင်လည်း မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဖြစ်သည့် စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာတွင် စစ်ကောင်စီမှ နှစ်ကြိမ်တိုင် လေယာဉ်ဗုံးကျဲခဲ့ခြင်းကြောင့် ပြည်သူ(၁၂)ဦး သေဆုံးခဲ့ရပြီး၊ (၃၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေပြီး၊ အရေးပေါ်အခြေအနေဖြစ်သောကြောင့် မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းနှင့် ကွင်းလမ်းအားလုံး ပိတ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တိုက်ပွဲအကြား စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကားသမားများနှင့် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား
Comments