မန်ဝိန်းကြီးကျေးရွာကို စစ်ကောင်စီ ညသန်းခေါင်ဗုံးကြဲ
- Pajau Media

- Aug 15, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ ဩဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာကို စစ်ကောင်စီက ယမန်နေ့ည သန်းခေါင်ကျော်အချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ ပြောကြားလာသည်။
“မနေ့ညက ၁၂နာရီမထိုးခင်ကတည်းကနေ ၁၂နာရီခွဲအချိန်အထိ လေယာဉ်ပျံဝဲခဲ့ပြီး၊ ဗုံး ၄ကြိမ်လောက် လာကြဲသွားတာ ဂျက်လေယာဉ်နဲ့။ နှစ်ကြိမ်လောက်က ရွာနဲ့သိပ်မဝေးတဲ့ ရွာစွန်မှာ ကျသွားတာ။ တစ်လုံးက ကောင်းခန်ရွာစွန်မှာကျတာ။ ပြီးတော့ နောက်တစ်လုံးက တစ်ခြားနေရာ ငါးကန်မှာ ကျတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်က ဂျက်လေယာဉ်ဖြင့် လေယာဉ်ဗုံး ၄ကြိမ် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိခိုက်သေဆုံးမှုမှာ လက်ရှိချိန်ထိ မကြားရသေးဘူးဟု ဆိုသည်။ ထို့ကြောင့် ဒေသခံများမှာ ညတွင်းချင်း နီးစပ်ရာ လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြကြောင်း သိရသည်။
ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာတွင် ညသန်းခေါင် လေယာဉ်လာရောက် ဗုံးကြဲသောကြောင့် စိုးရိမ်နေကြရကြောင်းနှင့် မန်ဝိန်းကြီးကျေးရွာသည် ပြီးခဲ့သည့်နှစ် ဇန္နဝါရီလတွင် KIAပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်ပိုက်ထားပြီး၊ KIOထိန်းချုပ်နယ်မြေဖြစ်သည်။
သတင်း -ဇော်မိုင်




Comments