ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်(၁၀၂) မြို့နယ်တွင် ကျင်းပမည်
- Pajau Media

- Aug 21, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ ဩဂုတ်၊ ၂၀၂၅။
စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂) မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ ဩဂုတ် ၂၀ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ကချင်ပြည်နယ်တွင် (၆)မြို့နယ်၊ ကယားပြည်နယ် တွင် (၂)မြို့နယ်၊ ကရင်ပြည်နယ်တွင် (၃)မြို့နယ်၊ ချင်းပြည်နယ်တွင် (၂)မြို့နယ်၊ မွန်ပြည်နယ်တွင် (၅) မြို့နယ်၊ ရခိုင်ပြည်နယ်တွင် (၃)မြို့နယ်နှင့် ရှမ်းပြည်နယ်တွင်(၁၂)မြို့နယ်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ကျင်းပမည့် မြို့နယ်များမှာ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအို၊ မိုးညှင်းနှင့် မြစ်ကြီးနားမြို့နယ်တို့ ဖြစ်သည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၂)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၄)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင်(၈)မြို့နယ် ၊ မကွေးတိုင်းဒေသကြီးတွင် (၉)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် (၁၂)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၈)မြို့နယ် နှင့် နေပြည်တော်တွင် (၈)မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁)ကို လာမည့် ဒီဇင်ဘာ၂၈ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့နယ်များအပါအဝင် မြို့နယ်ပေါင်း(၃၃၀)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)၊ ရောနောကိုယ်စားလှယ် အချိုးကျစနစ် (MMP)၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် မဲစနစ် (၃)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နှင့် ကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ (၃၃၀)ဖြစ်ပြီး၊ ရောနောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ် (MMP)နှင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၈၄)နယ်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် (၂၆)နယ်၊ စုစုပေါင်း မဲဆန္ဒနယ် (၁၁၀)တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမှာတော့ ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်းဒေသများမှာ စစ်ရေးတင်းမာကာ တိုက်ပွဲပြင်းထန်နေပြီး KIAပူးပေါင်းတပ်ဖွဲ့မှလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် အခြေအနေဖြစ်သည်။
သတင်း - ထုဆိုင်း








Comments