ရွေးကောက်ပွဲ အပိုင်း ၂ တွင် အချို့မြို့နယ်များ တိုက်ခိုက်ခံရမှုကြောင့် ဝန်ထမ်းနှစ်ဦး သေဆုံး
- Pajau Media

- Jan 13
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ ဇန္နဝါရီ၊ ၂၀၂၆။

စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း(၂) ပြုလုပ်ကျင်းပနေချိန်တွင် မြို့နယ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရမှုကြောင့် ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများလည်းရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်၊၊
ပြီးခဲ့သည့် ဇန္နဝါရီ ၁၁ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၂ ကို ကျင်းပနေချိန် ကရင်နီပြည် ဖရူဆိုမြို့၊ မကွေးတိုင်း ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့၊ ပဲခူးတိုင်း ထန်းတပင်မြို့များကို ဗုံးသီးချတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုန်း၊ ဒရော့ဗုံး နှင့် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ တိုက်ခိုက်ခံရအပြီး တစ်ချို့မဲရုံများတွင် မဲပေးမှုများ ရပ်ဆိုင်းကာ မဲရုံများလည်း ပိတ်သိမ်းခဲ့ရကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲ ပြုလုပ်ကျင်းပသည့် မြို့နယ်များမှ တစ်ချို့မြို့နယ်များသည် စစ်အုပ်စုမှ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် မြို့နယ်များဖြစ်သည့်အပြင် ယခင်ကတည်းက တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့် ဒေသများဖြစ်ကာ လုံခြုံရေးမရှိသည့်ကြားမှ စစ်ကောင်စီက ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ကျန်ရှိနေသေးသည့် ရွေးကောက်ပွဲအပိုင်း(၃)ကို လာမည့် ဇန္နဝါရီ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း-ဖရိန်း




Comments