ရွှေဈေးနှုန်း တစ်ကျပ်သား ၈၀သိန်းခန့်ရှိလာ
- Pajau Media

- Sep 10, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကမ္ဘာ့ရွှေစျေး ဆက်လက်မြင့်တက်နေပြီး ပြည်တွင်းရွှေစျေးကွက်တွင်လည်း တစ်ကျပ်သားကို ကျပ်သိန်း ၈၀ခန့်ရှိလာကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်နေကြသော လုပ်ငန်းရှင်များက ဆိုကြသည်။
ယမန်နေ့ စက်တင်ဘာ ၉ရက် နေ့လယ်ပိုင်းအချိန်တွင် ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၃,၆၄၇ စျေးနှင့် စံချိန်တင်ထားပြီး သမိုင်းတစ်လျှောက်အမြင့်ဆုံးစျေးဖြစ်ခဲ့ကြောင်းသိရသည်။
ဒါ့အပြင် မြန်မာနိုင်ငံ၏ ပြင်ပရွှေစျေးကွက်အရ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၇၉ သိန်း ၉သောင်း၊ ၁၅ ပဲရည် (၇၅ သိန်း) ဝန်းကျင်နှင့် အရောင်းအဝယ်လုပ်ဆောင်နေကြောင်း ရွှေရောင်းဝယ်နေကြသော လုပ်ငန်းရှင်များကဆိုသည်။
ကျပ်သိန်း ၈၀ဝန်းကျင်ရှိလာသော ပြည်တွင်း ရွှေစျေးမှာ ဇွန်လနောက်ပိုင်းအချိန်ကတည်းက စျေးအမြင့်ဆုံးဖြစ်လာပြီး တစ်ပတ်အတွင်း တစ်ကျပ်သား သုံးသိန်းခန့် စျေးတက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီရဲ့ ရွှေလုပ်ငန်းရှင်အသင်းများက ၁၆ပဲရည် တစ်ကျပ်သားကို ကျပ် ၅,၉၆၀,၀၀ဝကျပ်ဖြင့် သတ်မှတ်ထားပြီး ထိုသတ်မှတ်စျေးနှင့် ရွှေအရောင်းအဝယ်လုပ်ဆောင်ကြရန် ညွှန်ကြားထားသော်လည်း ပြည်တွင်းရွှေဆိုင်များမှာ လိုက်နာဆောင်ရွက်ခြင်းမရှိကြကြောင်း သိရသည်။
ပြည်တွင်းတွင် ရွှေစျေးများကို စနစ်သစ်ရွေစျေး နှင့် စနစ်ဟောင်းရွှေစျေးဖြင့် နှစ်မျိုးနှစ်စားတွေ့မြင်ရပြီး စနစ်ဟောင်ရွှေစျေးမှု စနစ်သစ်ရွှေစျေးထက် အနည်ငယ်စျေးပိုနေတတ်ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments