top of page

ရွှေညောင်ပင် ဂျာလဂတ်ယန်တွင် လေယာဉ်ဗုံး ၂ကြိမ်တိတိ လာရောက်ပစ်ခတ်ခံရ

  • Writer: Pajau Media
    Pajau Media
  • Nov 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊နိုဝင်ဘာ၊၂၀၂၅။


လက်တလော ဝိုင်းမော်ဒေသအတွင်း နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အပြင် စစ်ကောင်စီက လေယာဉ်ဗုံးပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီး ယမန်နေ့ နိုဝင်ဘာ၂၅ရက်နေ့တွင်လည်း ရွှေညောင်ပင်ဂျာလဂတ်ယန်ကျေးရွာတွင်း လေယာဉ်၂စီးဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


“မနေ့ညက ၈နာရီမှာတစ်ကြိမ် လာပစ်သွားတယ်။ ၉နာရီမထိုးခင်လည်း တစ်ကြိမ် လာပစ်သွားတယ်။ နေအိမ်တစ်ချို့ ပျက်စီးသွားတယ်လို့ ကြားတယ်။ ဆက်သွယ်ရခက်လို့ အတွင်းသတင်း အတိအကျ သိဖို့ခက်နေတယ်။ လူထိခိုက်‌တာတော့ မရှိဘူး။ ရွှေ‌ညောင်ပင်ဂျာလဂတ်ယန်ရွာမှာ ဟုတ်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ဝိုင်းမော်-လမြန်စစ်မျက်နာဘက်တွင် စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့များက နီးနီးစပ်စပ် တည်ရှိနေသည့်အခြေအနေဖြစ်ပြီး၊ စစ်တပ်မှလည်း ဆက်လက်စစ်ရေးလှုပ်ရှားကာ စစ်ကြောင်းထိုးမှု ရှိနေသောကြောင့် ထိတွေ့တိုက်ပွဲမှာ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းနှင့် လက်နက်ကြီးများဖြင့်လည်း နှစ်ဖက်တပ်မှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာ၂၁ရက်နေ့ ည ၁၁နာရီချိန်ခန့်တွင်လည်း ဝိုင်း‌မော်-ရွှေညောင်ပင်ကျေးရွာသို့ စစ်တပ်မှ ဒရုန်းဗုံးပစ်ချခဲ့သောကြောင့် နေအိမ်တစ်အိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသလို အသက်၃၅နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်၁၁နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်ရှိချိန်ထိ လိုင်ဇာ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page