top of page

ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ကျောင်းသား(၄၀)ဦးအတွက် အကူအညီများ လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 28, 2025
  • 1 min read

Updated: Aug 29, 2025

ပါဂျောင်မီဒီယာ

၂၈ရက်၊ ဩဂုတ်၊ ၂၀၂၅။



မိုးများသောကြောင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည့် လိုင်ဇာဒေသမှ ကျောင်းသား(၄၀)ကျော်အတွက် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများ၊ အဝတ်အစားနှင့် အခြားအကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။


အဆိုပါ ကျောင်းသား(၄၀)ဦးမှာ အလဲန်ဘွမ့်အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြပြီး၊ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ဂျေယာန်၊ ဖွန်လွမ်ယာန်၊ ဖုန်မိုင်ယာန်နှင့် ဆွတ်မူအောင် စသည့်စစ်ရှောင်စခန်းများတွင် နေထိုင်သည့် ကျောင်းသားများ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရေစီးတွင် မျောပါသွားခဲ့သည့် အလဲန်ဘွမ့်အထက်တန်းကျောင်းမှ ကျောင်းသားများ၏ ဆေးပေးခန်းကိုလည်း လက်ရှိအချိန်ထိ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။


ရေကြီးပြီးနောက် သွားလာရေးအတွက် လမ်းများ ပျက်စီးသွားခဲ့သောကြောင့် ကျောင်းကို ယာယီခေတ္တ ပိတ်ပင်ထားခဲ့ရပေမယ့် လက်တလော ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။


လိုင်ဇာဒေသမှ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ဒေသများတွင် ရှင်းလင်းဆေးကြောပိုင်းအတွက် ပြီးသလောက်ရှိနေပေမယ့် ထိခိုက်ပျက်စီးခဲ့ရသည့်အတွက် ပြန်လည်ထူထောင်ရေးမှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။


ထို့အပြင် ရေကြီးပြီးနောက် လျှပ်စစ်မီးဓာတ်တိုင် အများစု ကျိုးကျပျက်စီးခဲ့ရပြီး၊ မီးသွယ်ယူထားသည့် နေရာများ ပြိုကျပျက်စီးခဲ့ရသောကြောင့် တစ်လနီးပါးကြာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ရပေမယ့် ဩဂုတ်၂၅ရက်နေ့မှ စတင်ပြီး မီးပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။


ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် လိုင်ဇာဒေသ ရေကြီးရေလျှံမှုတွင် ပြည်သူ(၆)ဦး အသက်သေဆုံးခဲ့ရပြီး၊ နေအိမ် (၄၆၀)နှင့် တံတား(၇)စင်း ထိခိုက်ပျက်စီးခဲ့ရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page