လေကြောင်းရန် စိုးရိမ်ရသောကြောင့် အချို့KIOအစိုးရကျောင်းများ ယာယီပိတ်ထားရဟုဆို
- Pajau Media

- Oct 8, 2025
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသသို့ လေကြောင်း၊ ဒရုန်းဗုံးများ လာရောက်ပစ်ချတိုက်ခိုက်သောကြောင့် နေရပ်ရင်းပြန်လည်နေထိုင်သည့် ဒေသအချို့မှ စာသင်ကျောင်းများ ယာယီပိတ်ပင်ထားကြောင်း နေရပ်ရင်းပြန် ပြည်သူတစ်ဦးထံမှ သိရသည်။
“အခုကျနော်တို့ ရွာမှာ စစ်တပ်မရှိတော့ဘူးဆိုပြီး ရွာပြန်တာဟုတ်တယ်။ ဒါပေမယ့် အမြဲတမ်းသတိထားနေရတာက လေကြောင်းပဲ၊ လက်တလော ဆဒုံးဒေသ လေကြောင်းတိုက်ခိုက်ခံရပြီးကတည်းက ပိုပြီးသတိထားနေရတယ်။ အဲ့တာကြောင့် ရွာမှာဖွင့်ထားတဲ့ KIOအစိုးရကျောင်းတွေလည်း အကုန်ပိတ်ထားရတယ်။ ပြီးတော့ ကျေးရွာအတွင်း၊ အသင်းတော်အတွင်း လုပ်မဲ့ အစည်းအဝေးပွဲတွေအကုန် လေကြောင်းရန်ကြောင့် ရပ်နားထားရမလိုပဲ ဘလိုဖြစ်မလဲ မသိသေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကတည်းက ကချင်ပြည်နယ်အတွင်း လက်လွှတ်ခဲ့ရသည့် တပ်ခစန်းများကို ပြန်လည်သိမ်းပိုက်ရရှိရန် လေယာဉ်၊ ဒရုန်းဗုံးများ အဓိက အသုံးပြုကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများထိ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာသောကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးသူ များပြားလာသည့်အပြင် စစ်တပ်ကလည်း ၂၀၂၄ခုနှစ်အတွင်း လက်လွှတ်ခဲ့ရသည့် ချီဖွေ၊ ပန်ဝါ၊ ဆဒုံး၊ ကန်ပိုင်တည်နှင့် တရုတ်နယ်စပ်ဒေသများကို ပြန်လည်ရရှိရန်အတွက် လက်တလော ဝိုင်းမော်-လမြန်ဒေသဘက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်ပြီး၊ ဝိုင်းမော်-လမြန်ဒေသတိုက်ပွဲမှာ အောက်တိုဘာ ၈ရက် နံနက် ၆နာရီကတည်းက တစ်ဖန်ပြန်လည် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများမှာ နေရပ်ရင်းပြန်လည်နေထိုင်ကြသော်လည်း KIAထိန်းချုပ်ထားသည့် နယ်မြေများထိ တိုက်ပွဲမဖြစ်ပွားဘဲ လာရောက်တိုက်ခိုက် ပစ်ချလာသောကြောင့် စိုးရိမ်နေကြသည်ဟု ဆိုသည်။
သတင်း - ပီလမ့်အူ




Comments