လိုင်ဇာမြို့ကို အသေခံဒရုန်းဖြင့် လာရောက်တိုက်ခိုက်
- Pajau Media

- Sep 22, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

KIAဌာနချုပ်လိုင်ဇာမြို့တွင် ယမန်နေ့ စက်တင်ဘာ၂၁ရက်နေ့က စစ်တပ်၏ အသေခံဒရုန်းဖြင့် နှစ်ကြိမ် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ ပြောဆိုချက်အရ ယမန်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်တွင် တစ်ကြိမ်နှင့် ည ၁၁နာရီခွဲအချိန်တွင် တစ်ကြိမ် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ ကျယ်လောင်သော အသံကိုသာ ကြားရသည်ဟု ဆိုသည်။
အချို့ဒေသခံများက မြစ်ကြီးနားဟိုတယ် အနောက်ဘက်ခြမ်း ကျရောက်ကြောင်း ပြောဆိုနေပေမယ့် ကျရောက်သည့် နေရာအတိအကျကို မသိရသေးကြောင်းနှင့် လူထိခိုက်မှု ရှိမရှိကိုလည်း အတိအကျမသိရဘဲ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
လိုင်ဇာမြို့တွင် ပြီးခဲ့သည့် ဇန္နဝါရီလနှင့် ဖေဖော်ဝါရီလတွင်လည်း အသေခံဒရုန်းများ တိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရသည်။
လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်၊ ဖားကန့်နှင့် ဝိုင်းမော်မြို့တို့တွင်လည်း တိုက်ပွဲများ ဆက်တိုက်ရှိနေသည့်အပြင် KIAသိမ်းပိုက်ထားသည့် ဆော့လော်မြို့၌လည်း စက်တင်ဘာ ၁၉ရက်နေ့နောက်ပိုင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်။
သတင်း - ထုဆိုင်း




Comments