top of page

လွတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိ

  • Writer: Pajau Media
    Pajau Media
  • Dec 11, 2025
  • 1 min read

ပါကျောင်မီဒီယာ

၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။


စစ်တပ်၏ ပုဒ်မ ၅၀၅ (က) ဖြင့် မတရားဖမ်းဆီးခံထားရသူများမှ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ နိုင်ငံရေးအကျဉ်းသားများ အများစု လွတ်မြောက်လာမှုမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထုတ်ပြန်ချက်မှ သိရသည်။


၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို ရွေးကောက်ပွဲအတွက်ဟုဆိုကာ လွတ်ငြိမ်းခွင့် ပေးခဲ့သော်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ နိုင်ငံရေးအကျဉ်းသားအများစု ပြန်လည် လွတ်မြောက်လာမှု မရှိသေးကြောင်း သိရသည်။


ကချင်ပြည်နယ်ရှိ မြစ်ကြီးနားထောင်၊ မိုးညှင်း‌ထောင်တို့တွင် ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိကြောင်း PPNM က ထုတ်ပြန်ထားသည်။


စစ်ကောင်စီတပ်များသည် နိုင်ငံရေးအကျဥ်းသားများကို မတရားပုဒ်မများတပ်ကာ ၎င်းတို့စိတ်ကြိုက် ဖမ်းဆီးပြီးနောက် လွတ်‌‌ငြိမ်းခွင့် ပေးရာတွင်လည်း ညီမျှမှုမရှိဘဲ လွှတ်ပေးချင်သည့် အကျဉ်းထောင်များကိုသာ လွှတ်ငြိမ်းခွင့်ပေးနေသည့်အပြင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်ဖမ်းဆီးမှုများရှိနေသဖြင့် သတိချပ်ကြရန် လိုအပ်ကြောင်း PPNM မှ အသိပေးထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page